
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း လျက်ရှိပြီး ဆည်ရေသောက် ဒေသတစ်ခုဖြစ်သောကြောင့် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရသော ဝယ်လိုအားရှိသော ချဉ်ပေါင်သီးနှံကိုလည်း စိုက်ပျိုးလျက် ရှိရာ စိုက်ပျိုးသောမျိုးများမှာ ချဉ်ပေါင်လက်ချား၊ ချဉ်ပေါင်ခါးနှင့် ဘီးလပ်ချဉ် ပေါင်မျိုးများကို စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးမှာ ဘီးလပ်ချဉ်ပေါင် မျိုးဖြစ်ပြီး အသီးသီး ချိန်တွင်လည်း ချဉ်ပေါင်ဖူးကိုပါ ရောင်းချရသောကြောင့် ဝင်ငွေနှစ်မျိုး ရရှိကြောင်း ဝါဆိုလ နှင့် သီတင်းကျွတ်လများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစနစ်အနေဖြင့် ထယ်ထိုး၊ ထယ်မွှေကာ မြေတွင် တစ်တန်းနှင့်တစ်တန်း (၂)ပေခွာပြီး (၄)လက်မခြား၍ အစေ့ချ စိုက်ပျိုး ကြကြောင်း၊ တစ်ဧက စိုက်ပျိုးမှုမျိုးအနေဖြင့် ချဉ်ပေါင်စေ့(၁)ပြည် ကုန်ကျကြောင်း၊ မျိုးစေ့ (၁)ပြည်လျှင်(၅၀၀၀/-)ကျပ် ပေးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း ကုန်ကျ စရိတ်(၃၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး (၁)လခွဲသားတွင် အရွက်၊ ကိုင်းနှင့် အပင်များခူးညှပ်၍ ရောင်းချနိုင်ပြီဖြစ်ကြောင်း၊ ချဉ်ပေါင်တစ်ဧကအနေဖြင့် အရွက်ပိဿာ (၁၀၀၀)ပိဿာ ထွက်ရှိပြီး၊ အနေတော် အပင်ပေါက် ကလေးများကိုနုတ်၍ အစီး လေးများဖြင့် ရောင်းချပါက တစ်ဧက အစီးပေါင်း(၁၀၀၀၀)စီးခန့် ထွက်ရှိကြောင်း၊ ချဉ်ပေါင် တစ်စီးလျှင်(၁၀၀/-)ကျပ်ဖြင့် လက်ကားရောင်းချပေးကြောင်း၊ ချဉ်ပေါင်ရွက်တစ်ပိဿာလျှင် လက်ကားဈေး(၁၀၀၀/-) ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲရုံများနှင့် ကုန်စိမ်းပွဲစားများမှ အခင်းထဲအရောက် လာရောက် ဝယ်ယူသူများရှိသလို ကုန်စိမ်းပွဲရုံများသို့လည်း တိုက်ရိုက်တင်ပို့ ရောင်းချပေးလျက်ရှိကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နုတ်ပြီး (၇၀၀၀၀၀/-)ကျပ် ခန့်မြတ်ကြောင်း၊ ချဉ်ပေါင်သီးနှံကို တောင်သူများမှ မိသားစုဝင်ငွေတိုးပြီး စီးပွားဖြစ်သောကြောင့် တိုးချဲ့စိုက်ပျိုး လျက်ရှိကြောင်း တောင်သူတစ်ဦး ပြောကြားချက်အရ သိရှိရပါသည်။
DOCA(မန္တလေး)