
အင်ဒိုနီးရှား - ဥရောပသမဂ္ဂ ဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု သဘောတူညီချက် (IEU-CEPA) ကို လက်မှတ်ရေးထိုးနိုင်ရေး စေ့စပ်ညှိနှိုင်းမှုများ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိ လာချိန်တွင် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်ကာလအတွင်း ဥရောပသမဂ္ဂသို့ စားအုန်းဆီတင်ပို့မှု တိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်း အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးဌာနရှိ စီးပွားရေးနှင့် ဘဏ္ဍာရေး မဟာဗျူဟာ မူဝါဒရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Febrio Kacaribu က ပြောကြား ခဲ့ပါသည်။
ဥရောပဈေးကွက်သို့ စားအုန်းဆီထုတ်ကုန်များ တင်ပို့ရောင်းချမှုသည် အဆိုပါ IEU-CEPA သဘောတူညီချက်တွင် အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ကြောင်း၊ စားအုန်းဆီကဏ္ဍနှင့် စပ်လျဉ်း ၍ သဘောတူညီချက် ရရှိပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ အင်ဒိုနီးရှားအနေဖြင့် ယင်းဈေးကွက်သို့ စားအုန်းဆီ ပိုမိုတင်ပို့လာနိုင်မည်ဖြစ်ကြောင်း၊ စားအုန်းဆီသည် အဓိက မောင်းနှင်တွန်းအားပေး မည့် အရင်းအမြစ်တစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ ၎င်းသဘောတူညီချက်သည် ဥရောပ သမဂ္ဂမှ အင်ဒိုနီးရှားသို့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ စီးဝင်မှုတို့ကိုလည်း တိုးတက်လာ စေမည်ဖြစ်ကြောင်းဖြင့် Mr. Febrio က ဇူလိုင် ၂၂ ရက်နေ့၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂနှင့်အင်ဒိုနီးရှားနိုင်ငံတို့အကြား ၁၀ နှစ်ကြာမျှ စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင် ခဲ့ပြီးနောက် သဘောတူညီချက်ကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ IEU-CEPA လက်မှတ်ရေးထိုးမှုနှင့် အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းထား လျှော့ချပေးရန် ဆုံးဖြတ်မှုတို့က အင်ဒိုနီးရှား၏ ပြည်တွင်းထုတ်ကုန်များ ပြည်ပသို့တင်ပို့ရန်အတွက် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးခဲ့သည်ဟု ဆိုနိုင်သည်။
အင်ဒိုနီးရှား စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းမှုဝန်ကြီး Airlangga Hartarto က IEU-CEPA သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန်ဆွေးနွေးမှုမှာ စေ့စပ်ညှိနှိုင်းမှုပေါင်း ၁၉ ကြိမ်ကျော် လုပ်ဆောင်ခဲ့မှုနှင့်အတူ ၁၀ နှစ်ကြာကာလအတွင်းသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း၊ အရေးကြီးသည့် အကြောင်းကိစ္စရပ်များ အားလုံးကို ညှိနှိုင်းဖြေရှင်းနိုင်လိမ့်မည်ဖြစ်ပြီး သမိုင်းမှတ်တိုင်သစ် တစ်ရပ် ကို စိုက်ထူနိုင်ရန် သေချာကြောင်းဖြင့် ဘရပ်ဆဲလ်မြို့သို့ ရောက်ရှိနေစဉ်၌ ဇူလိုင် ၁၂ ရက်နေ့တွင် ပြောကြားထားခဲ့သည်။
ယခု IEU-CEPA သဘောတူညီချက်သည် အင်ဒိုနီးရှားမှ ဥရောပသမဂ္ဂသို့ တင်ပို့လျက်ရှိ သော ပို့ကုန်များ ၏ ၈၀ ရာခိုင်နှုန်းခန့်ကို အခွန်သက်သာကင်းလွတ်ခွင့် ရရှိစေမည်ဖြစ်ပြီး သဘော တူညီချက်အား နှစ်ဖက် အတည်ပြုပြီးသည့်နောက် ၁ နှစ်မှ ၂ နှစ် ကာလအတွင်း သွင်းကုန်အခွန် လျှော့ချမှုများ သက်ရောက်မှုကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Source: TEMPO.CO, July 22, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)