
စိုက်ပျိုးသည့် ဧရိယာပမာဏ အတည်တကျရှိခြင်း၊ အထွက်နှုန်းတိုးတက်လာခြင်း၊ မိုးခေါင် ခြောက်သွေ့မှုကြောင့် သီးနှံအထွက်နည်းပါးမှု ဖြစ်ပေါ်ခဲ့အပြီး ၂ နှစ်တာ ကာလအတွင်း ပြောင်း အဝါမျိုးသို့ ပြောင်းလဲစိုက်ပျိုးလာခြင်း တို့ကြောင့် တောင်အာဖရိက၏ ပြောင်းသီးနှံထွက်ရှိမှုသည် ၂၀၂၅-၂၆ ဈေးကွက်နှစ်တွင် ဆက်လက်မြင့်တက်မည့်အနေအထား၌ ရှိနေကြောင်း အမေရိကန် စိုက်ပျိုးရေးဌာနလက်အောက်ရှိ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်း (FAS) ၏ အစီရင်ခံစာ တွင် ဖော်ပြပါရှိပါသည်။
FAS ၏ ခန့်မှန်းချက်အရ ပြောင်းသီးနှံထွက်ရှိမှုသည် ၂၀၂၃-၂၄ ခုနှစ်တွင် တန်ချိန် ၁၃.၄ သန်းရှိရာမှ ၂၀၂၄-၂၅ ခုနှစ်၌ တန်ချိန် ၁၅.၄ သန်းသို့ တိုးတက်ထွက်ရှိခဲ့ပြီး ၂၀၂၅-၂၆ ခုနှစ်တွင် ၄ ရာခိုင်နှုန်း ဆက်လက်တိုးတက်လျက် တန်ချိန် ၁၆ သန်းအထိ ထွက်ရှိလာမည်ဟု သိရှိရပါသည်။ ပြောင်းဈေးနှုန်းများ ကျဆင်းလျက်ရှိခြင်းကြောင့် ၂၀၂၅-၂၆ ခုနှစ်တွင် ဧရိယာ ဟက်တာ ၃ သန်း စိုက်ပျိုးသည့်အတိုင်း ၂၀၂၆ ခုနှစ် မေလမှ ၂၀၂၇ ခုနှစ် ဧပြီလအထိ သီးနှံရာသီနှစ်တွင် ပြောင်းစိုက် ဧရိယာ ဆက်လက်တည်ငြိမ်နေလိမ့်မည်ဖြစ်ပါသည်။
လူဦးရေ ၆၅ သန်းခန့်ရှိသော တောင်အာဖရိကနိုင်ငံတွင် ပြောင်းအဖြူနှင့်အဝါ နှစ်မျိုးလုံးကို ပုံစံ အမျိုးမျိုးဖြင့် ပြုပြင်စားသုံးကြပါသည်။ ပြောင်းအဖြူကို ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝသော အရင်းအမြစ်အဖြစ် အဓိကစားသုံးပြီး၊ ပြောင်းအဝါကို အဓိကအားဖြင့် တိရစ္ဆာန်မွေးမြူရေးအစာ အထူးသဖြင့် ကြက်စာ အနေဖြင့် အသုံးပြုကြောင်း FAS က ဖော်ပြထားပါသည်။ FAS သည် ယခင် တွက်ချက်ထားသည့် ပြောင်းဝယ်လိုအား ပမာဏကို ပြန်လည်ချိန်ညှိ တိုးမြှင့်လျက် ၂၀၂၄-၂၅ ခုနှစ် အတွက် တန်ချိန် ၁၄ သန်းနှင့် ၂၀၂၅-၂၆ ခုနှစ်အတွက် တန်ချိန် ၁၄.၂ သန်း အသီးသီး ရှိမည်ဟု ပြင်ဆင်ခဲ့ရာ ယင်းချိန်ညှိမှုများသည် ၂၀၂၃-၂၄ ခုနှစ်တွင် အပြီးသတ် တွက်ချက်ခဲ့သည့် စားသုံးမှု ပမာဏနှင့်နှိုင်းယှဉ်ပါက တိုးတက်မှုနှုန်း အမြင့်ဆုံးဖြစ်ပါသည်။ တောင်အာဖရိကသည် စီးပွားရေး တိုးတက်မှု နောက်ကျနေသော်လည်း နှစ်စဉ် လူဦးရေတိုးတက်မှုမှာ ၁.၃ ရာခိုင်နှုန်းရှိကြောင်း FAS ကပြောကြားထားပါသည်။
တောင်အာဖရိက၏ ပြောင်းတင်ပို့မှုများသည် ၂၀၂၄-၂၅ ခုနှစ်၌ တန်ချိန် ၁.၅ သန်း ရှိရာမှ ၂၀၂၅-၂၆ ခုနှစ်တွင် ၁၃ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၁.၇ သန်းခန့်ရှိနိုင်မည်ဟု FAS က ခန့်မှန်းထားပါသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဇင်ဘာဘွေနှင့် ဇမ်ဘီယာတို့တွင် သီးနှံရိတ်သိမ်းထွက်ရှိမှု တိုးတက်များပြားလာသဖြင့် တောင်အာဖရိက၏ ပြောင်းတင်ပို့မှုအတွက် ဒေသတွင်းဝယ်လိုအား မှာ လျော့ကျလာမည်ဟု ခန့်မှန်းထားပြီး အထူးသဖြင့် ပြောင်းအဖြူ တင်ပို့မှု ကျဆင်းနိုင်ကြောင်း၊ တောင်အာဖရိက အနေဖြင့် ဗီယက်နမ်နှင့် တောင်ကိုရီးယားတို့အပါအဝင် အာရှဈေးကွက်သို့ ပြောင်းအဝါတင်ပို့မှုကို ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နှစ်ကုန်ပြောင်းလက်ကျန်သည် ၂၀၂၅-၂၆ ခုနှစ်တွင် တန်ချိန် ၁.၂ သန်းအထိ ရောက်ရှိနိုင် ပြီး ၎င်းပမာဏကို စီးပွားဖြစ်လုပ်ငန်းများ၌ အသုံးပြုရန် ရက်သတ္တ ၆ ပတ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း၊ ပြောင်းလက်ကျန်သိုလှောင်မှုသည် ၂၀၂၃-၂၄ ခုနှစ်၌ ပုံမှန်အောက် များစွာ နိမ့်ကျနေခဲ့ရာမှ ၂၀၂၄-၂၅ ခုနှစ်တွင် ၆၀ ရာခိုင်နှုန်းခန့် ပြန်လည်မြင့်တက်ပြီး လက်ကျန်တန်ချိန် ၁.၁ သန်းခန့်ရှိကြောင်း၊ ၂၀၂၃-၂၄ ခုနှစ်၌ လက်ကျန်ပြတ်လပ်မှုသည် ထုတ်လုပ်မှုကွင်းဆက်၏ အရေးပါမှုနှင့် ပြည်တွင်းနှင့် ဒေသတွင်း ပြောင်းသီးနှံလိုအပ်ချက်ကို ပြည့်မီအောင် လိုက်လျော ညီထွေစွာထုတ်လုပ်ရန် လိုအပ်နေသည်ကို ဖော်ညွှန်းလျက်ရှိကြောင်း FAS ကပြောကြားထား ပါသည်။
တောင်အာဖရိက၏ ကောက်ပဲသီးနှံနှင့် ဆီထွက်သီးနှံများ သိုလှောင်နိုင်စွမ်းသည် တန်ချိန် သန်း ၂၀ ကျော်ရှိပြီး သိုလှောင်ထားရှိမှုများကို စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ သမဝါယမအသင်း အဖွဲ့များ၊ ကုန်သည်များနှင့် ပြုပြင်ထုတ်လုပ်သူများက အဓိက စီမံခန့်ခွဲကြောင်း သိရှိရပါသည်။
အခြားသော အာဖရိကတောင်ပိုင်းဒေသနိုင်ငံများကဲ့သို့ မဟုတ်ပဲ တောင်အာဖရိက အစိုးရ သည် ပြည်တွင်းပြောင်းဈေးကွက်တွင် အနည်းငယ်သာ ဝင်ရောက်စွက်ဖက်မှုပြုကြောင်း၊ ပြောင်း လက်ကျန်များအား ထိန်းချုပ်ခြင်း သို့မဟုတ် လက်ကျန်အရေအတွက်ကို သီးသန့်ပမာဏတစ်ခု အထိထားရှိရန် စည်းမျဉ်းချမှတ်ခြင်းများ ပြုလုပ်ခြင်းမရှိကြောင်း၊ ထိုသို့ ဈေးကွက်က မောင်းနှင် ထိန်းကျောင်းသည့် ချဉ်းကပ်ပုံစနစ်သည် စားနပ်ရိက္ခာဖူလုံမှုနှင့် ထုတ်လုပ်မှုကွင်းဆက်များအား စီမံခန့်ခွဲမှုတို့တွင် ပုဂ္ဂလိက ကဏ္ဍ၏ စွမ်းဆောင်နိုင်မှုမှာ အရေးကြီးသည်ကို ဖော်ညွှန်းပြသလျက်ရှိ ကြောင်း FAS က ပြောကြားထားပါသည်။
Source : World Grain, 07.22.2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)