Main menu

ရွှေတောင်မြို့နယ်တွင် မိုးနှမ်းများ စတင်ရိတ်သိမ်း

Powered by Drupal

        ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ၊ ရွှေတောင်မြို့နယ် ဝါးတောအုပ်စု၊ ဖားအိုင့်ကျေးရွာတွင် မိုးနှမ်းများစတင်ထွက်ပေါ်နေပြီဖြစ်သဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ ရွှေတောင်မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၁.၈.၂၀၂၂)နေ့ နံနက်ပိုင်းတွင် သွားရောက်၍ မိုးနှမ်းများစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်အခြေများအား သိရှိနိုင်ပါရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။

         ရွှေတောင်မြို့နယ်တွင် ယခုနှစ် မိုးနှမ်းစိုက်ဧကမှာ (၂၅၈၉) ဧကရှိပြီး ဝါးတောအုပ်စုတွင် (၁၇)ဧက စိုက်ပျိုးထားကြောင်း သိရှိရပါသည်။ ရွှေတောင်မြို့နယ်၊ ဝါးတောအုပ်စု၊ ဖားအိုင့်ကျေးရွာရှိ မိုးနှမ်းစိုက်ပျိုးသူ တောင်သူ ဦးနေဝင်းနှင့် တွေ့ဆုံ၍ မေးမြန်းရာ နှမ်းနက် (၂)ဧကကို မေလဆန်းတွင် စတင်စိုက်ပျိုးပြီး ဇူလိုင်လကုန်တွင် စတင်ထွက်ရှိပါသည်။ မိုးနှမ်းစိုက်ပျိုး ထုတ်လုပ် ကုန်ကျစရိတ်အနေဖြင့် (၁၈၀၀၀၀)ကျပ်ခန့်ကုန်ကျ၍ တစ်ဧကအထွက်နှုန်းမှာ (၈)တင်း နှုန်းထွက်ရှိသည်ဟု သိရပါသည်။ နှမ်းနက်ဈေးမှာ သန့်ရင်သန့်သလို ဈေးရ၍ ယခုလက်ရှိ ပေါက်ဈေးမှာ တစ်တင်းလျှင် (၇၀၀၀၀)ကျပ်ခန့်ရရှိပါသည်။ တစ်ဧအကျိုးအမြတ်အနေဖြင့် ၃၈၀၀၀၀ကျပ်ခန့် အမြတ်ရှိ၍ (၂)ဧကစိုက်ပျိုးထားသဖြင့် ၇၆၀၀၀၀ကျပ် ရရှိသည်ဟုသိရပါသည်။ ယခင်နှစ်တွင် တစ်ဧကကုန်ကျစရိတ်မှာ (၁၆၀၀၀၀)ကျပ်ခန့်ကုန်ကျပြီး တစ်ဧကအထွက်မှာလည်း (၈)တင်းခန့်ထွက်ရှိ၍ တစ်ဧကအကျိုးအမြတ်မှာ ၂၄၀၀၀၀ကျပ်ခန့် ရရှိသဖြင့် ယခုနှစ်တွင် နှမ်းဈေးများ ကောင်းလာသောကြောင့် အကျိုးအမြတ်များပိုလာသည်ဟုသိရှိရပါသည်။

         မိုးနှမ်းစိုက်တောင်သူများအနေဖြင့် နှမ်းစိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးရ လွယ်ကူပြီး အကျိုးအမြတ်လည်းရှိသည့်အတွက်ကြောင့် နောက်လာမည့်နှစ်များတွင် တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ပဲခူး)