မြန်မာနိုင်ငံ၏ လက်မှုရိုးရာ အနုပညာများတွင် ကမ္ဘာမှအသိအမှတ်ပြုထားခြင်းခံရသည့် ဧရာ၀တီတိုင်းဒေသကြီးမှ ပြုလုပ်သောလက်မှုရိုးရာ ပုသိမ်ထီးစျေးကွက်မှာ ပြည်တွင်းနှင့် ဥရောပစျေးကွက်ကို ခိုင်ခိုင်မာမာရရှိထားပြီး၊ ရှေးခေတ်ကပင် ဘုရင်များမှ ရွှေပြားကပ် ကနုတ်ပန်းများရေးဆွဲလျှက် ပန်းချီ ပညာများဖြင့် အလှဆင်ကာ အမြတ်တနိုး တန်ဖိုးထား၍ သုံးစွဲခဲ့ကြောင်း၊ မျက်မှောက်ခေတ်မှာလည်း ရှင်ပြုအလှူများနှင့် မြန်မာအမျိုးသမီးများ ကြက်သရေဆောင် ပစ္စည်းတစ်ခုအနေဖြင့် သုံးစွဲကြပြီး၊ ရဟန်းဆောင်ထီး၊ သီလရှင်ဆောင်းထီး၊ အမျိုးသမီးအလှဆောင်းထီး၊ မိုးရေခံထီး၊ အိမ်တော်ရာထီး၊ စားပွဲတင်ထီး၊ မီးအိမ်ထွန်းထီး၊ ရှေးလက်ရာထီးနှင့် ရိုးရာမပျက် ခေတ်မီထီး၊ ဟိုတယ်အလှဆင်ထီး၊ ကမ်းခြေသုံးထီးများအပြင် မင်္ဂလာဆောင်တွင် လက်ဆောင်ထီးနှင့် ကုမ္ပဏီလိုဂိုအမှတ်တံဆိပ်ပါ လက်ဆောင်ထီး များကိုလည်း ပြုလုပ်ရောင်းချပေးလျှက်ရှိကြောင်း ထီးလုပ်ငန်းရှင်များထံမှသိရသည်။
ပုသိမ်ထီးအရွယ်အစားများမှာ ၄ လက်မ မှ ၁၀ ပေ အထိရှိ၍ စျေးနှုန်းမှာလည်း ၃၀၀၀/၄၀၀၀ ကျပ်၊ ၇၀၀၀/၈၀၀၀ ကျပ်၊ ၁၀၀၀၀/၁၂၀၀၀ စျေးအတွင်း ရောင်းချလျှက်ရှိပြီး ကမ်းခြေသုံးထီးစျေးနှုန်းမှာ ၆၀၀၀၀၊ ၇၀၀၀၀ ကျပ်စျေးရှိပြီး အရွယ်အစားမျိုးစုံ၊ အရောင် မျိုးစုံနှင့် ပြုလုပ်ရောင်းချလျှက်ရှိပြီး စျေးနှုန်းမှာလည်း ကွာခြားမှုရှိကြောင်း၊ ပြည်တွင်း ကြိုက် အများဆုံးအရောင်မှာ နီညိုရောင်ဖြစ်၍ ပြည်ပတွင် လူကြိုက်အများဆုံးအရောင်မှာ လိမ္မော် ရောင်၊ နီညိုရောင်၊ အနက်ရောင်၊ အစိမ်းရောင်၊ အဝါရောင်များကို ကြိုက်နှစ်သက်မှု ရှိကြောင်း၊ ပြည်တွင်းစျေးကွက်မှာလည်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ကျိုက်ထို၊ ကျိုက်ထီးရိုး၊ မော်လမြိုင်၊ ပုဂံညောင်ဦး၊ တောင်ကြီး၊ အင်းလေး ဒေသများနှင့် ပင်လယ်ကမ်းခြေ ဒေသများ ဖြစ်သော ငပလီ၊ ငွေဆောင်၊ ချောင်းသာ ပင်လယ်ကမ်းခြေ ဒေသများတွင် ကမ်းခြေသုံး ထီးများနှင့် ဟိုတယ်အလှဆင်ရာတွင် အများဆုံး၀ယ်ယူ သုံးစွဲလျှက်ရှိကြောင်း ပြည်ပနိုင်ငံများ ဖြစ်သော အာရှစျေးကွက်နှင့် ဥရောပစျေးကွက်သို့လည်း တင်ပို့ရောင်းချလျှက် ရှိကြောင်း၊ မိရိုးဖလာထီး လုပ်ငန်းလုပ်ကိုင်နေသူ ပုသိမ်မြို့ တောရကျောင်းလမ်း ရွှေစာ ထီးလုပ်ငန်းရှင် ဒေါ်လှလှ၀င်း ထံမှ သိရသည်။
ပုသိမ်ထီးပြုလုပ်ရာတွင် ပုသိမ်မြို့နယ် ချောင်းသာ၊ ငွေဆောင်၊ ရှောပြာနှင့် ရေကြည်၊ ငါးသိုင်းချောင်း မြို့နယ်များမှ ထွက်ရှိသော သရကူဝါးကို အဓိကအသုံးပြုပြီး ထီးကောင်း တစ်လတ်ရရှိရန် ဝါးကောင်းဖို့လိုအပ်ကြောင်း၊ သက်တမ်း(၉)နှစ်ရှိဝါးသည် ထီးလုပ်ငန်းအတွက် အသင့်တော်ဆုံးဖြစ်ပြီး ဝါးနုလျှင် ပိုးစားသည့်အတွက် ဝါးကုန်ကြမ်းကို တပတ်ခန့် နွံထဲတွင် စိမ်ထားပြီး ကင်ပွန်းချဉ်ရွက် မကျီးရွက်များဖြင့် ပိုးမထိုးအောင် ပြုလုပ် သုံးစွဲရကြောင်း ထီးခေါင်းနှင့် ထီးပြုလုပ်ရာတွင် အသုံးပြုသော သစ်အမျိုးအစားမှာ တောင်မရိုး သား၊ မအူသား၊ မအူရွှေဝါသား၊ လက်ပန်သား၊ ရွေးသား၊ ဒီးဒူး၊ ပိတောက်သားများကို အသုံးပြုခြင်းဖြစ်ကြောင်း အစပထမပိုင်းတွင် ထီးအရွက်ကို ဆီစိမ်စက္ကူဖြင့် ပြုလုပ်သော်လည်း နောက်ပိုင်းတွင် ထီးအရွက်ကို တည်ရေများသုတ်လိမ်းပြီး၊ ထီးအရွက်ကို ပြည်တွင်းထွက် ပိတ်ရောင်စုံ တက်ထရွန်စများဖြင့် ရေစိုခံအောင်ပြုလုပ်ခဲ့ကြောင်း၊ အချို့နိုင်ငံများတွင် ပြုလုပ်သောထီးမှာ မိုးရေမလုံ၊ အကြမ်းမခံဘဲ၊ မြန်မာနိုင်ငံမှ ထုတ်လုပ်သောထီးမှာ ရေစိုခံ အကြမ်းခံသည့်အတွက် ပြည်ပနိုင်ငံသားများ ကြိုက်နှစ်သက်မှုရှိ၍ ရာသီဥတုအေးလျှင် ထီးမှာ အနည်းငယ်ကွေးသွားပြီး၊ နေပူလျှင် ထီးမှာ ဝိုင်းဝိုင်းကလေးဖြစ်သွားကြောင်း၊ ထီးအဖွင့်အပိတ် ပြုလုပ်ရာတွင် ထီးချက်ကို သံ၊ စပလိန်မပါ သစ်သားနှင့်ပြုလုပ်ထားသည်ကို ဝယ်ယူသူများက သဘောကျနှစ်သက်မှု ရှိကြောင်းသိရသည်။
ပုသိမ်ထီးပြုလုပ်ရာတွင် နိုင်ငံခြားမှ ဝယ်ယူရသည့် ကုန်ကြမ်းပစ္စည်းများမပါဘဲ၊ ဒေသ ထွက်ပစ္စည်းများကို အသုံးပြုလျှက် မြန်မာ့အနုပညာကို ဖော်ထုတ်ထားသည့် ဆေးဆိုးခြင်း၊ ပန်းချီရေးဆွဲခြင်း စသည်တို့ဖြင့် အလှဆင်ထားပြီး ထီးတစ်ချောင်းလုံးကို လက်ဖြင့်သာ ပြုလုပ် ထားသောကြောင့် ပြည်ပနိုင်ငံသားများက Hand Made လက်မှုအနုပညာတစ်ခုအနေဖြင့် လူကြိုက်များကြောင်း၊ မြန်မာ့လက်မှုပစ္စည်းများကို ပြည်တွင်း စျေးကွက်သာမက ပြည်ပ စျေးကွက်တွင် တီထွင်ဆန်းသစ်မှုများနှင့်အတူ နိုင်ငံတကာသို့ တင်ပို့ရောင်းချခြင်းဖြင့် မြန်မာ့ယဉ်ကျေးမှု လက်မှုလက်ရာများ ထိန်းသိမ်းပျံနှံ့စေနိုင်တဲ့အပြင် နိုင်ငံတော်အတွက်လည်း ပြည်ပ၀င်ငွေ Export Money Income များ တိုးတက်ရရှိမှာဖြစ်ကြောင်း၊ မြန်မာရိုးရာ ယဉ်ကျေးမှုလက်မှု အနုပညာဖြစ်သော ပုသိမ်ထီးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး စျေးကွက်ဝေစုပိုမိုရရှိစေရန်နှင့် ကမ္ဘာတစ်ဝှမ်း အောင်မြင်ကျော်ကြားမှုရှိစေရေး ရိုးရာ အမွေအနှစ်များ တိမ်မြုပ်ပျောက်ကွယ်သွားခြင်းမရှိစေရန် ပုသိမ်ထီးလုပ်ငန်းရှင်များမှ ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း ရွှေစောထီးလုပ်ငန်းရှင် ဒေါ်လှလှ၀င်းမှ ဆက်လက် ပြောကြားပါသည်။
DOCA(ဧရာဝတီ)