
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၊ အင်ပင်မြို့၊ ထူအင်း တွင် သဘာဝသစ်ဆွေးမြေ ဧရိယာ ဟက်တာ ၅၀၀ ကျော်တည်ရှိပြီး အဆိုပါ သစ်ဆွေးမြေ၏ ပတ်ဝန်း ကျင်ရှိ ဥယျဉ်ခြံမြေများတွင် စိမ့်စမ်းများရှိသည့်အတွက် နှစ်ရှည်သီးနှံများဖြစ်သည့် ကွမ်းသီး၊ မင်းဂွတ်၊ ကြက်မောက်၊ အုန်းပင် များ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပါသည်။
မိုးဦးကျ ရာသီ မေလ၊ ဇွန် လနှင့် ဇူလိုင်လများတွင် မင်းဂွတ်သီးများထွက်ရှိပြီး မြန်အောင် မြို့နယ် အင်ပင် မြို့မှထွက်ရှိသည့် မင်းဂွတ်သီးသည် အရည်အသွေးကောင်းသည့်အတွက် စားသုံးသူ များကြိုက်နှစ်သက်သော ဒေသထွက်သီးနှံလည်းဖြစ်ပါသည်။မြန်အောင်မြို့နယ် အင်ပင်မြို့တွင် မင်းဂွတ်သီးစိုက်ဧက ၁၅ ဧက စိုက်ပျိုးထားရှိပြိး တချို့မင်းဂွတ်ပင်များသည် နှစ် ၈၀ ကျော်သက် တမ်းရှိပါသည်။ အင်ပင်မြို့ တောင်နီလေးကျေးရွာမှ မင်းဂွတ်ပင် (၃) ဧကစိုက်ပျိုးသူ တောင်သူ ဦးကျော်စွာဝင်းနှင့် တွေ့ဆုံ၍ မင်းဂွတ်သီး စိုက်ပျိုးမှု ၊ ထွက်ရှိမှု၊ ဈေးနှုန်းဈေးကွက် အခြေအနေ များကို စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်တာဝန်ခံမှ ကွင်းဆင်းတွေ့ဆုံမေးမြန်းခဲ့ရာ မင်းဂွတ်ပင် ကို မိဘများလက်ထက်မှ စတင်စိုက်ပျိုးခဲ့ပြီးနှစ်စဉ် တနိုင်တိုးချဲ့စိုက်ပျိုးခြင်း၊ အစားထိုး စိုက်ပျိုးခြင်းကို ပြုလုပ်လျက်ရှိပြီး မင်းဂွတ်ပင်ကို ပင်ခြားတန်းခြား ၁၅ ပေ မှ ၂၀ ပေကြားစီ ခြား၍ မြောင်းဘောင်ဖော်စိုက်ပျိုးရကြောင်း၊ အပင်သက် ၈ နှစ်မှ ၁၃ နှစ်အတွင်း အသီးစသီးပြီး အပင်သက် ၂၀ နှင့် ၅၀ ကြားတွင် သီးအားအကောင်းဆုံးဖြစ်ကြောင်းပြောကြားပါသည်။
ယခုစိုက်ပျိုးထားသော အပင်များမှာ မိဘလက်ထက်မှ စတင်စိုက်ပျိုးခဲ့ပြီး အပင် သက် ၃၅ နှစ်မှ ၄၀ ဝန်းကျင်ရှိ၍ ရာသီချိန်တွင် တပင်လျှင် အသီးလုံးရေ ၅၀၀ မှ ၁၀၀၀ ကြားထိ ခူးဆွတ် ရရှိကာ အသီးပုံမှန်ခူးနေသော အပင်မှာ ၁၅ဝ ပင်ခန့်ရှိပါသည်။ ယခု ၂၀၂၅ ခုနှစ် မင်းဂွတ်သီး ပေါ်ချိန် မေလဆန်းတွင် ရောင်းတန်းဝင် အချင်း ၂ လက်မခွဲခန့်ရှိ မင်းဂွတ်သီး တစ်လုံး လျှင် ၇၀၀ ကျပ်ဖြင့် ရောင်းချရပြီး ခြံထိလာရောက်ဝယ်ယူကြကြောင်းပြောကြားပါသည်။ အသီး အရွယ် အစား အလိုက် ၇၀၀ ကျပ်၊ ၆၀၀ ကျပ်၊ ၅၀၀ ကျပ်ဖြင့် ရောင်းချရလျက်ရှိပါသည်။ မင်းဂွတ်ပင် သည် ရေကြိုက်သော်လည်း ရေဝပ်ခြင်းကို နှစ်သက်ခြင်းမရှိပါ။ အင်ပင်ဒေသတွင် ထူအင်းရှိသည့် အတွက် ရေတင်ရခြင်း မရှိပဲ နွေအခါတွင်ပင် ရေဝပ်ခြင်း မရှိစေရေးအတွက် သဘာဝစမ်းမြောင်း များကို ရေပိတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရပါသည်။ အသီးအားကောင်းစေရေးအတွက် ၁၅ ပတ် လည် ကွန်ပေါင်းမြေဩဇာကို အပင်ခြေ ၂ တောင်ပတ်လည်ကို မြေဆွ၍ ကျွေးရပြီး တဧကလျှင် တစ်အိတ်ခန့် နှစ်စဉ် ကျွေးရပါသည်။ သဘာဝမြေဩဇာအဖြစ် နှမ်းဖတ်ကို ရေစိမ်ပြီး အပုပ်ခံထားသည့် အရည်ကို အပင်ခြေလောင်းပေးခြင်း ၊နွားချေး နှင့် မြေဆွေးထည့်ပင်းခြင်း တို့ကိုလည်းဆောင် ရွက်ပေးရပြီး မင်းဂွတ်ပင် ကို တစ်နှစ်လျှင် သဘာဝမြေဩဇာတစ်ကြိမ် ၊ ဓာတ်မြေဩဇာ တစ်ကြိမ် ကျွေးရပါသည်။
မင်းဂွတ်ပင်သည် ပြာသိုလလယ်ခန့်(ဒီဇင်ဘာလ)တွင် သီးကင်းစသီးပြီး အသီးကင်းသည် အစိမ်းရောင်ရှိ၍ ဧပြီလကုန်ခန့်တွင် ရင့်မှည့်ကာ အညိုရောင်သို့ ပြောင်းလဲလာချိန်တွင် အသီးခူး ခြင်းကို ဆောင်ရွက်ပါသည်။ မေ၊ဇွန်၊ဇူလိုင် (၃)လခန့် အသီးခူးခြင်းကိုဆောင်ရွက်ပြီး ဇူလိုင်နှောင်း ပိုင်းထွက်ရှိသည့်အသီးများတွင် မိုးများ၍ရေဝင်ခြင်းကြောင့် အသီများပိုးထိုး၍ အသီးမာ သွားခြင်း များဖြစ်နိုင်ပါသည်။ မင်းဂွတ်သီးသည် အမျှင် ဓာတ်ကြွယ်ဝခြင်း၊ သွေးတွင်း အချိုဓာတ်ကို ကျစေ ခြင်း၊ ရောင်ရမ်းခြင်းကိုလျော့ကျစေခြင်း၊ ရေတိမ် ဖြစ်ပွာမှုကိုကာကွယ်ပေးခြင်း၊ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းများ ကြွယ်ဝခြင်းစသည့် အချက်များ ကြောင့် ကျန်းမာရေးအတွက်ကောင်းမွန်ပြီး ရာသီချိန် တွင် အသီးထွက်သလောက် ရောင်းမလောက်ပဲ ဈေးကောင်းရသော အသီးလည်း ဖြစ်ပါသည်။ မေလဆန်းစပေါ်ချိန်မှ ခြံအထိုင်ဈေး တစ်လုံး ဈေးနှုန်း ၇၀၀ ကျပ် သည် ယခု ဇွန်လလယ်ထိ ကျဆင်းခြင်းမရှိဘဲ ဈေးတည်ငြိမ်လျက်ရှိပါသည်။
မင်းဂွတ်အပင်ပေါက်တစ်ပင်လျှင် ၃၀၀၀ ကျပ်ရှိပြီး၊ တစ်ဧကလျှင် အပင် ၅၀ မှ ၆၀ ကြား စိုက်ပျိုးကြပါသည်။မြက်ရှင်းခြင်း၊မြောင်းဘောင်ဖော်ခြင်း၊ စိုက်ပျိုးခြင်းတို့အတွက် တစ်ပင်လျှင် ၃၀၀၀ ကျပ် ကုန်ကျပြီး တစ်ဧက အပင် ၆၀ စိုက်ပျိုးခြင်းအတွက် အပင်ပေါက် နှင့် စိုက်ခ အပါ သုံးသိန်း ခြောက်သောင်းခန့် ကုန်ကျနိုင်ပြီး မိသားစုလုပ်အားဖြင့် စိုက်ပျိုးကြပါသည်။ တစ်နှစ် လျှင် ကွန်ပေါင်းမြေဩဇာ တစ်ကြိမ်နှင့် သဘာဝမြေဩဇာ တစ်ကြိမ်ကျွေးခြင်း၊ ကိုင်းလှီကိုင်း ခြောက်များ ရှင်းလင်းခြင်းတို့သာပြုလုပ်ရပြီး အပင်သက် ၁၀နှစ်ကျော်ပါက အသီးစတင်ခူးဆွတ် ပြီး ဝင်ငွေစတင် ရရှိပါသည်။
အင်ပင်မြို့မှ ထွက်ရှိသော မင်းဂွတ်သီးသည် အရသာနှင့် အရည်အသွေးကောင်းမွန်သည့် အတွက် စားဖူးသူတိုင်း ရာသီချိန်တွင် မှာယူစားသုံးကြသော ဒေသထွက်ကုန်လည်းဖြစ်ပါသည်။ ဟင်္သာတ နှင့် ပုသိမ်မြို့များမှ အဓိကမှာယူရောင်းချကြပြီး အခြားဒေသများသို့လည်းတင်ပို့ရပါ သည်။ ၂၀၂၄ ခုနှစ် အသီးပေါ်ချိန်တွင် ရောင်းတန်းဝင်အသီးတလုံးလျှင် ၅၀၀ ကျပ်ရရှိပြီး ယခု ၂၀၂၅ ခုနှစ် မင်းဂွတ်သီးပေါ်ချိန်တွင် ၇၀၀ ကျပ်ရရှိပါသည်။ မင်းဂွတ်ပင်သည် ရာသီဥတုနှင့် ရောဂါ ဒဏ်ခံနိုင်ရည်ရှိသည့် အပင်မျိုးဖြစ်သည့်အတွက် ပြုပြင်ထိန်းသိမ်းစရိတ်နည်းပါးပါသည်။ တစ်ဧက တွင် ထွက်ရှိသည့် အပင် အရေအတွက် နှင့် အသီးအရွယ်အစားပေါ်လိုက်၍ အပင်သက် ၃၅ နှစ်ဝန်းကျင် ရှိသည့် မင်းဂွတ်တစ်ဧကတွင် တစ်နှစ်လျှင် ပျမ်းမျှ ကျပ်သိန်း၈၀မှ၁၀၀ကြား ဝင်ငွေရလျက်ရှိ ကြောင်း လေ့လာသိရှိရပါသည်။
မြန်အောင်မြို့နယ် အင်ပင်မြို့သည် သဘာဝသစ်ဆွေးမြေ ထူအင်းရှိပြီး စိမ့်စမ်းများလည်း ရှိသည့် အတွက်ရေကြိုက်သည့် မင်းဂွတ်ကဲ့သို့ နှစ်ရှည်ပင်များ စိုက်ပျိုးရန် အထူးသင့်လျော်ပါ သည်။ စိမ့်စမ်းများ ရှိသည့်အတွက် ရေတင်စရိတ်သက်သာပြီး အပင်များဖြစ်ထွန်းခြင်း နှစ်ရှည်ပင် ဖြစ်သည့် အတွက် ရေရှည်အကျိုးရှိခြင်းတို့ကြောင့် မိသားစုစီးပွားရေးအတွက် ရင်းနှီးမြှုပ်နှံသင့် သောစိုက်ပျိုး ရေး လုပ်ငန်းလည်းဖြစ်ကြောင်းလေ့လာတင်ပြအပ်ပါသည်။
DOCA(ဧရာဝတီ)