
ကမ္ဘောဒီးယားသည် ၂၀၂၅ ခုနှစ် ပထမခြောက်လတွင် ကန်ဒေါ်လာ သန်း ၇၀၀ ကျော် တန်ဖိုးရှိ သီဟိုဠ်စေ့တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅၆ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ဇန်နဝါရီလမှဇွန်လအထိ သီဟိုဠ်စေ့ တင်ပို့မှုမှ ကန်ဒေါ်လာ ၇၅၃.၂၁ သန်းတန်ဖိုးရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ် ပါက ၅၆.၆၇ ရာခိုင်နှုန်းတိုးလာခဲ့သည်။ သီဟိုဠ်စေ့ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပိုမိုဆွဲဆောင်ရန် တာဝန်ရှိသူများက တက်ကြွစွာလုပ်ဆောင်လျက်ရှိပြီး အထူးသဖြင့် ပြုပြင်ခြင်း နှင့် တန်ဖိုးမြှင့်ထုတ်လုပ်မှုများတွင် လုပ်ဆောင်လျက်ရှိသည်။ ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်း (CAC) ၏ အဆိုအရ ကမ္ဘောဒီးယားနိုင်ငံကို သီဟိုဠ်စေ့ထုတ်လုပ်ငန်းနှင့် ပို့ကုန်အတွက် ဒေသဆိုင်ရာအချက်အချာအဖြစ် ပြောင်းလဲရန် ရည်ရွယ်သည့် သီဟိုဠ်စေ့စက်မှုဥယျာဉ် (CIP) ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တရုတ်၊ အိန္ဒိယ၊ စင်ကာပူနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။ CAC မှ ထုတ်ပြန်ချက်တွင် ကမ္ဘောဒီးယားအစိုးရသည် CIP ဖွံ့ဖြိုးရေးအတွက် Kampong Thom ပြည်နယ်ရှိ မြေ ၄၀၀ ဟက်တာ ခွဲဝေပေးထားကြောင်း ဖော်ပြထားသည်။ CAC ၏ ဒုတိယဥက္ကဌ ဖြစ်သူ Suy Kokthean က ကမ္ဘောဒီးယားသည် လက်ရှိတွင် ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး သီဟိုဠ်စေ့ ထုတ်လုပ်သူအဖြစ် အဆင့် သတ်မှတ်ထားပြီး မကြာမီကာလအတွင်း သီဟိုဠ်စေ့အများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်လာရန် မျှော်လင့်ထားကြောင်းပြောကြားခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ သည် ၎င်း၏အရည်အသွေးမြင့် သီဟိုဠ်စေ့များကြောင့် လူသိများပြီး အစိုးရ၏ဦးစားပေးရင်းနှီးမြှုပ်နှံမှု မူဝါဒအရ Qualification Investment Project (QIP-Plus) ဖြင့် ရင်းနှီးမြှုပ်နှံသူများသည် နိုင်ငံအတွင်း ၎င်းတို့၏ လုပ်ငန်းများကို တိုးချဲ့ခြင်းမှ သိသာထင်ရှားသော အကျိုးကျေးဇူးများစွာရရှိစေကြောင်း Kokthean က ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source: Khmer Times
DOCA(ရန်ကုန်)