
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ရှိ ဖလန်တိုင်း၊ ဒဟက်ကုန်း၊ ပေပင်ကုန်း၊ ဒန့်ဒလွင်ပင်၊ မလွှကုန်း စသည့်ကျေးရွာများသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ပြီး ပဲတီစိမ်း၊ နှမ်း၊ ဝါ၊ ပဲစဉ်းငုံ၊ ပဲကြီး စသည့် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မလွှကုန်းကျေးရွာနေ ပဲတီစိမ်းစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ ပဲတီစိမ်း (၂)ဧက ခန့်ကို ၂၀၂၅ခုနှစ်၊ မေလလယ်တွင် စိုက်ပျိုးပြီး ဇူလိုင်(ဒုတိယပတ်)တွင် စတင်ရိတ်သိမ်းကြောင်း သိရသည်။ ထွန်ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ (၁)ဧကလျှင် မျိုး(၇)ပြည့်ခန့် ကုန်ကျကြောင်း၊ မျိုး အနေဖြင့် ယခင်နှစ်က မိမိစိုက်ခင်းမှ ထွက်ရှိသည့် ပဲတီစိမ်းများကို မျိုးအဖြစ် ဖယ်ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ထွန်ယက်ခ၊ လုပ်အားခ၊ ဆေးဖျန်းခ၊ ရိတ်သိမ်းခနှင့် အခြားသွင်းအားစုစရိတ် အပါအဝင် စုစုပေါင်း ကျပ်(၇၀၀၀၀၀)ခန့် ကုန်ကျ ကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၈)တင်းထိထွက်ရှိပြီး ၂၀၂၅ ခုနှစ်၊ ဇူလှိုင်လ (ဒုတိယပတ်)တွင် (၁) တင်းလျှင် ကျပ် (၁၂၀၀၀၀)ဖြင့်ရောင်းချ၍ အကျိုးအမြတ်အနေဖြင့် (၁)ဧက လျှင် ကျပ်(၂၆၀၀၀၀)ခန့် ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့ရှိ သီးနှံပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း သိရှိရပါသည်။
DOCA(မကွေး)