Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော တောင်ဘို့မှို နှင့် တောမှိုအစုံ

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို လုပ်ကိုင်ပြီး အသက်မွေးဝမ်းကြောင်းပြုကြသူများရှိသလို တောတောင်ကို အမှီပြုပြီး သပြေပန်းချိုးရောင်း ခြင်း၊ မျှစ်ချိုရောင်းခြင်း၊ မှိုရှာရောင်းခြင်း၊ အသီးအရွက်ခူးရောင်းခြင်း၊ အင်ဖက်ခူးရောင်းခြင်းနှင် ပျားရှာသည့်လုပ်ငန်းတို့ကိုလည်း လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးတွက် အသက်မွေးဝမ်းကြောင်း ပြုသူများရှိသည့်အနက် သဘာဝအရပေါက်ရောက်သည့် တောမှို၊ တောင်ဘို့မှိုတို့ကို လိုက်ရှာပြီး ကျွန်းလှမြို့ သစ်ရာမြိုင်ဈေးတွင် လာရောက် ရောင်းချလျက်ရှိကြောင်း သိရသည်။

     တောင်ဘို့မှိုကို ခြမှိုလို့လဲခေါ်လေ့ရှိကြသည်။ တောင်ဘို့မှိုသည် တောင်ဘို့ရှိရာမြေအောက် ခြကောင်ရှိသောနေရာများ၌ အစုလိုက်အပြုံလိုက်ပေါက်ရောက်လေ့ရှိပါသည်။ တောင်ဘို့မှိုသည် နွေအကုန် မိုးဦးရာသီအစ မိုးတစ်ပြိုက် နှစ်ပြိုက်ရွာသွန်းအပြီးတွင် ပေါက်ရောက်လေ့ရှိပါသည်။ တောင်ဘို့မှိုသည် အခြားမှိုများနှင့်မတူ တမူထူးခြားပြီး အဖူးများဖြစ်သည့်အတွက် ရေအဆေးခံပြီး  အရသာမှာ ပိုချို ပိုနုပြီး လူကြိုက်များကာ ဈေးကောင်းရရှိသော မှိုအမျိုးအစားဖြစ်ပါသည်။

     ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ် အတွင်း ကျွန်းလှမြို့၌ ဖြစ်ပေါ်လျက်ရှိသော  တောင်ဘို့မှို ဈေးနှုန်းအနေဖြင့် တောင်ဘို့မှို တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ တောဘို့မှို(၅၀)ကျပ်သားလျှင် (၁၀၀၀၀)ကျပ် နှင့် တောင်ဘို့မှို(၂၅)ကျပ်သားလျှင်(၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့်လည်းကောင်း တောမှိုဈေးနှုန်းအနေဖြင့် တောမှို တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ တောမှို(၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် တောမှို(၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းသော်လည်း လူကြိုက်များပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  သိရသည်။

DOCA(စစ်ကိုင်း)