Main menu

လယ်သမားများအားကူညီနိုင်ရေး ဆန်တင်သွင်းမှုကို ဆိုင်းငံ့ရန် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန အဆိုပြု

Powered by Drupal

     ကမ္ဘာတစ်ဝန်း ထုတ်လုပ်မှုတိုးတက်မည့် အနေအထားရှိခြင်းကြောင့် ဖိလစ်ပိုင်အစိုးရသည် ပြည်တွင်း လယ်သမားများအား ကူညီသည့်အနေဖြင့် ဆန်ဝယ်ယူတင်သွင်းမှုများကို ယာယီဆိုင်းငံ့ ထားဖွယ်ရှိကြောင်း သိရှိရပါသည်။

    ဆန်တင်သွင်းမှုများအပေါ် အခွန်တိုးမြှင့်စည်းကြပ်ရန်နှင့် ဆန်တင်သွင်းမှုကို ဆိုင်းငံ့ရန် ဖိလစ်ပိုင် စိုက်ပျိုးရေးဦးစီးဌာနက အဆိုပြုထားကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် အဆိုပါ အရေးပေါ် ကိစ္စနှင့်စပ်လျဉ်း၍ ယခုသီတင်းပတ်အတွင်း အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် သမ္မတ Ferdinand Marcos Jr  ၏ ခရီးစဉ်၌ သီးခြားအစည်းအဝေးကျင်းပလျက် ဆွေးနွေးသွားမည်ဖြစ်ကြောင်းဖြင့် ထိုသို့ ဆန်တင်သွင်းမှုဆိုင်းငံ့မည့် အချိန်ကာလကို ဖော်ပြခြင်းမရှိပဲ  သမ္မတဆက်သွယ်ပြန်ကြားရေး ရုံးအဖွဲ့က ဩဂုတ် ၄ ရက်၊ တနင်္လာနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

   ကမ္ဘာတစ်ဝန်းတွင် ဆန်စပါးထုတ်လုပ်မှုတိုးတက်လာချိန်၌ ယခုအစီအစဉ်ကို အကောင် အထည် ဖော်ဆောင်ခြင်းသည် လွန်ခဲ့သော ၈ နှစ်ကာလအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေခဲ့သည့် အာရှဆန်ရည်ညွှန်းဈေးနှုန်းများကို ကျဆင်းရန် တွန်းအားဖြစ်စေကြောင်း၊ အဆိုပါအစီအစဉ်သည် စားသုံးသူများအတွက် အစားအစာဈေးနှုန်းများ ကျဆင်းရန် အထောက်အကူဖြစ်စေ‌သော်လည်း ထိုင်းနိုင်ငံကဲ့သို့ အဓိက ဆန်ထုတ်လုပ်သည့် နိုင်ငံများရှိ လယ်သမားအတွက် သက်ရောက်မှုဖြစ်စေ ကြောင်းသိရှိရပါသည်။

  ပြည်ပမှဆန်တင်သွင်းမှုသည် ပြည်တွင်းရှိ လယ်သမားများကို ထိခိုက်စေပြီး ပြည်တွင်း ဆန်စက်ပိုင်ရှင်များအား လုပ်ငန်းရပ်တန့်လုနီးပါးထိ ဖြစ်စေသဖြင့် နှစ်စဉ် ဆန်တင်သွင်းမှုများကို လက်ရှိအခြေအနေအောက် ၅ ပုံ ၁ ပုံ လျော့ချကန့်သတ်ရန် စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr က အကြံပြုခဲ့ပြီးနောက် ရက်ပိုင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာန၏ အဆိုပြုချက် ထွက်ပေါ် လာခြင်းဖြစ်ကြောင်းသိရှိရပါသည်။

   ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ၂၀၂၅-၂၆ ဈေးကွက်ရာသီနှစ်တွင် ဆန်တန်ချိန် ၅.၄ သန်းခန့် ဝယ်ယူရဖွယ်ရှိသည်ဟု အမေရိကန် စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထားပြီး၊ ၂၀၂၅ ပထမနှစ်ဝက် တွင် ဆန်တန်ချိန် ၂ သန်းခန့် တင်သွင်းထားပြီးဖြစ်သည်ဟု စိုက်ပျိုးရေးလက်ထောက်အတွင်းဝန် Arnel de Mesa က ဇူလိုင်လကုန် ရက်သတ္တပတ်၌ ပြောကြားခဲ့ပါသည်။

    ဇွန်လအတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ဆန်ဈေးနှုန်းသိသာစွာကျဆင်းမှုသည် ဈေးနှုန်းဖောင်းပွမှု တစ်ရပ်လုံးကို စစ်ဆေးထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေကြောင်း၊ ယခင်နှစ်၌ ဆန်တင်သွင်း မှုအပေါ် အခွန်စည်းကြပ်မှုကို ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချဖြတ်တောက်လျက် ၂၀၂၈ ခုနှစ်အထိ သက်ရောက်မှုရှိစေမည်ဟု သတ်မှတ်ဆောင်ရွက်ခဲ့ခြင်းက ပြည်တွင်း ဆန်ဈေးနှုန်းများ ဆက်လက်ကျဆင်းမှုကို တွန်းအားဖြစ်စေခဲ့ကြောင်း သိရှိရပါသည်။

   ဖိလစ်ပိုင်နိုင်ငံ၌ စပါးကို ၁ နှစ်လျှင် ၂ ကြိမ် ပုံမှန်စိုက်ပျိုးလျက်ရှိသည့်အတွက် နိုင်ငံအတွင်း စပါးအထွက်ပမာဏသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် တန်ချိန် ၉.၀၈ သန်းအထိရောက်ရှိခဲ့ပြီး ၁ နှစ်ပတ်လုံးတွင် တန်ချိန် ၂၀.၄၆ သန်း စံချိန်တင်ထွက်ရှိရန် အစိုးရက မျှော်မှန်းထားပါသည်။

Source: The Edge Malaysia, 04 Aug 2025 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)