Main menu

ကမ္ဘာ့ဆန်ဈေးနှုန်းများကျဆင်းနေချိန်၌ ဗီယက်နမ်၏ ဆန်ပို့ကုန်ဈေးနှုန်းများ မြင့်တက်လာ

Powered by Drupal

      အာရှဈေးကွက်တွင် ဆန်ဈေးနှုန်းကျဆင်းနေသည့်ကြားမှ ဗီယက်နမ်ဆန်ဈေးနှုန်းသည် လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကမ္ဘာ့အမြင့်ဆုံးဈေးနှုန်းဖြစ်လာခဲ့သည်ဟု ဗီယက်နမ် စားနပ် ရိက္ခာအသင်း (VFA) က ပြောကြားကြောင်း Vietnam News သတင်းဌာနက ဩဂုတ် ၄ ရက်နေ့၌ ဖော်ပြပါသည်။

      စပါးရိတ်သိမ်းထွက်ရှိမှု အများဆုံးအချိန်ကာလဖြစ်သော်လည်း ဖိလစ်ပိုင်နိုင်ငံကဲ့သို့ အဓိက ဝယ်ယူသူများ၏ ဝယ်လိုအား ခိုင်မာခြင်းကြောင့် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း အဆိုပါ အသင်းမှ ပြောကြားခဲ့သည်။

   အထူးသဖြင့် ဗီယက်နမ်မှ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဈေးနှုန်းသည် တစ်တန်လျှင် ၃ ဒေါ်လာပိုမိုလျက် ၃၈၂ ဒေါ်လာနှုန်းအထိ မြင့်တက်ခဲ့ပြီး တစ်ကမ္ဘာလုံးတွင် အမြင့်ဆုံးဖြစ်ခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ထိုင်း၊ ပါကစ္စတန်နှင့် အိန္ဒိယတို့မှ တင်ပို့သည့် အလားတူဆန်ဈေးနှုန်းများမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၇၅၊ ၃၇၆ နှင့် ၃၇၇ တို့ဖြင့် အသီးသီး ကျဆင်းခဲ့ကြောင်း သိရသည်။

     လွန်ခဲ့သည့် ဇူလိုင်လကုန် ရက်သတ္တပတ်တွင် ဗီယက်နမ်၏ ဆန်ပို့ကုန်ဈေးနှုန်းများသည် တစ်တန်လျှင် ဒေါ်လာ ၃၉၅ မှ ၄၀၀ အကြားနှုန်းထား သုံးလအတွင်း အမြင့်ဆုံးသို့ မြင့်တက်ခဲ့သည်။ အိန္ဒိယ၏ ဆန်ဈေးနှုန်းများမှာမူ ၂ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ရောင်းလိုအား ပိုလျှံမှုများကြောင့် တစ်တန်လျှင် ဒေါ်လာ ၃၇၅-၃၈၀ ဝန်းကျင်တွင် တည်ငြိမ်နေခဲ့သည့်အပြင် ပြည်ပဝယ်လိုအား အနည်းငယ်  တိုးတက်မှုသာရှိခဲ့ကြောင်း သိရသည်။

   အကောက်ခွန် စာရင်းဇယားများအရ ယခုနှစ် ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံမှ ဆန် တင်ပို့မှုသည် စုစုပေါင်းတန်ချိန် ၄ ဒသမ ၇ သန်းရှိပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၄ ဘီလီယံ တန်ဖိုးရှိကြောင်း၊  ပမာဏအားဖြင့် ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးလာသော်လည်း တန်ဖိုးမှာ ၁၅ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းသိရသည်။ ပျမ်းမျှဆန်ပို့ကုန်ဈေးနှုန်းသည် ယခုကာလအတွင်း တစ်တန်လျှင် ၅၁၈ ဒေါ်လာရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၈ ဒသမ ၄ ရာခိုင် နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။

    ဖိလစ်ပိုင်သည် ဗီယက်နမ်၏ ယခုပထမနှစ်ဝက် ဆန်ပို့ကုန်ပမာဏအနက် ၄၄ ဒသမ ၆ ရာခိုင်နှုန်းဖြင့် အများဆုံးဝယ်ယူသူဖြစ်ပြီး ပို့ကုန်တန်ဖိုး၏ ၄၂ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ဖိလစ်ပိုင်နိုင်ငံသည် လက်ရှိတင်သွင်းလာသော ဆန်များအပေါ် အခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံမှုကို တိုးမြှင့်ရန် စီစဉ်လျက်ရှိပြီး ဗီယက်နမ်၏ ဆန်တင်ပို့မှုကို ထိခိုက်နိုင်သော်လည်း လာမည့်နှစ် အနည်းငယ်တိုင်အောင် ဗီယက်နမ်ဆန်အတွက် အရေးပါသော ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေလိမ့်မည်ဟု ဖိလစ်ပိုင်ရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးက ပြောဆိုထားသည်။

  ပြည်တွင်းဝယ်လိုအားကို ဖြည့်ဆည်းနိုင်ရေး ဆန်ထုတ်လုပ်မှု စွမ်းရည်ကို အချိန်တိုအတွင်း တိုးမြှင့်ရန်မှာ ဖိလစ်ပိုင်နိုင်ငံအတွက် ခက်ခဲမှုရှိကြောင်း၊  ယခုနှစ်တွင် ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု သည် တန်ချိန် ၄ ဒသမ ၉၂ သန်း ဝန်းကျင်ရှိမည်ဟု ခန့်မှန်းထားပြီး တန်ချိန်ငါးသန်းကျော်အထိ ရှိ လာနိုင်ကြောင်းနှင့် ဗီယက်နမ်ဆန်တင်ပို့သူများသည် ဖိလစ်ပိုင်တွင် ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်း ထားရန် အလေးထားသင့်ကြောင်း အဆိုပါကုန်သွယ်ရေးရုံးက ပြောကြားခဲ့သည်။

    Đồng Tháp မြို့ရှိ Vit Hưng Food ကုမ္ပဏီမှ ဒါရိုက်တာ Nguyn Vĩnh Trong က ဖိလစ်ပိုင် နိုင်ငံအပြင် တရုတ်နှင့် အာဖရိကဈေးကွက်များမှ ဝယ်လိုအားသည်လည်း ဗီယက်နမ်ဆန်ဈေးနှုန်း မြင့်တက်စေရန် ပံ့ပိုးပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

Source: Vietnam News, Aug 04, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)