
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ကြက်သွန်နီစိုက်ပျိုးရာဒေသများဖြစ်သော ပေါက်၊ ဆိပ်ဖြူ၊ ကမ္မ၊ ရေပြာတို့မှ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိပါ သည်။ ပခုက္ကူကြက်သွန်နီကုန်စည်ဒိုင်သို့ ပခုက္ကူမြို့နယ်အတွင်းရှိ ကျွန်းနယ်များသာမက ရေနံ ချောင်း၊ မန္တလေးတိုင်း၊ ညောင်ဦးခရိုင်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်လျက်ရှိပြီး ဥပုသ်နေမှလွဲ၍ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပခုက္ကူကြက်သွန်နီဈေးကွက်အနေဖြင် ယခု တစ်ပတ်တွင် ဈေးနှုန်းအနည်းငယ်တက်လျက်ရှိပြီး တစ်ရက်လျှင် ပျမ်းမျှကုန်ချိန်(၃၅၀၀၀)ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် ကြက်သွန်နီကုန်စည်ဒိုင်၌ အရောင်းအဝယ်ဖြစ် ခဲ့သော ဈေးနှုန်းမှာ တစ်ပိဿာလျှင် ထိပ်စ ကျပ်(၁၃၅၀)၊ အလတ် ကျပ်(၁၀၀၀)၊ အနိမ့်စ ကျပ် (၈၀၀)ဖြစ်ပြီး ယခင်ဇူလိုင်လ(စတုတ္ထပတ်)နှင့် ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ကျပ်(၁၅၀) ခန့်ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ တင်ပို့မှုအနေဖြင့် ရန်ကုန်၊ ဟင်္သာတနှင့် မြဝတီ မြို့များသို့ နေ့စဉ်တင်ပို့နေပြီး ပိဿာချိန်(၃၀)ဝင်အိတ်(၁၀၀၀ မှ ၂၀၀၀ ထိ)တင်ပို့နေကြောင်း ကုန်သည်များထံမှ သိရသည်။
ပခုက္ကူမြို့မစည်ပင်ဈေးနှင့် အမှတ်(၂)ဈေးတွင် ရောင်းချနေသော ကြက်သွန်နီလက်လီ ဈေးမှာ တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၈၀၀)မှ အနိမ့်ဈေး ကျပ်(၁၂၀၀)ထိ အရောင်း အဝယ် လျက်ရှိကြောင်း သိရှိရသည်။
DOCA(မကွေး)