Main menu

ဖြူးမြို့နယ် ညောင်ကားယားကျေးရွာမှ ဝါးခမောက်လုပ်ငန်း

Powered by Drupal

  ဖြူးမြို့နယ် ညောင်ကားယားကျေးရွာတွင် နေထိုင်သူများသည် မိရိုးဖလာ လယ်ယာ စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် တောင်သူလယ်သမားများဖြစ်ပြီး လယ်ယာလုပ်ငန်းမှ အားလပ်ချိန် တွင် ဝါးခမောက်လုပ်ငန်းလုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေ ရရှိကြပါသည်။ ဝါးခမောက်လုပ်ငန်း လုပ်ကိုင် ရာတွင် ဝါးဖတ် ၊ ဝါးခွေ ၊ ပျားဖယောင်း၊ လက်ပံဆူးတို့ လိုအပ်ပါသည်။ ဝါးခွေပြုလုပ်ရန်အတွက် ကြက်သောင်းဝါးကို အသုံးပြုရပါသည်။

     ကြက်သောင်းဝါးကို မိမိဒေသတွင်းမှ ဝယ်ယူရရှိပြီး ဝါးဖတ်ကို ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့မှ မှာယူရပါသည်။ ခမောက်ပြုလုပ်ရာတွင် ကြက်သောင်းဝါး ကိုခွဲစိပ်၍ ဝါးခွေ ပြုလုပ်ပြီး ဝါးဖတ်ကို အဝိုင်းဆိုက်တိုင်း၍ ကပ်ကြေးဖြင့် ညှပ်ရပါသည်။ ပုံဖေါ်ညှပ်ထားသော ဝါးဖတ်များကို ကွပ်ဝါးတပ်၍ ဝါးညှပ်တံဖြင့်ဖိပြီး ချည်ကြိုးဖြင့်ချုပ်ရပါသည်။ အပေါ်ခွံအုပ်လေး ပြုလုပ်ရန်အတွက် ဝါးဖတ်အတိုအစလေးများကို ညီညာစွာဖြတ်တောက်၍ အလှဆင်ချုပ်လုပ်ရ ပါသည်။ ပျားဖယောင်းဖြင့် ဝါးခမောက်ကို အချောကိုင်ပွတ်တိုက်၍ အပေါ်ခွံအုပ် တည့်တည့်တွင် အချောကိုင်ထားသော လက်ပံဆူးဘုကလေး တပ်ဆင်ပြီးစီးပါက ရောင်းတန်းဝင်သော ဝါးခမောက် တစ်လုံး ရရှိပါသည်။  

     တစ်ပတ်လျှင် ဝါးခမောက်အလုံး ၁၀၀ ထုတ်လုပ်နိုင်ကြောင်း၊ ဝါးခမောက်များကို တစ်လုံးလျှင် ၃၅၀၀ ကျပ်နှုန်းဖြင့် ဖြူးမြို့စည်ပင်သာယာဈေးနှင့် ဖြူးမြို့နယ်အတွင်းရှိ ဝါးခမောက် အရောင်းဆိုင်များတွင် ရောင်းချလျှက်ရှိကြောင်း၊ ထို့အတူ အနီးအနားရှိမြို့နယ်များဖြစ်သော တောင်ငူ၊ ညောင်လေးပင်၊ ဒိုက်ဦးမြို့နယ်များနှင့် ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဈေးသို့ တင်ပို့ရောင်းချ ရကြောင်း၊ လယ်ယာလုပ်ငန်းခွင် အချိန်ပြည့်ဝင်ရသည့် မိုးရာသီတွင် လုပ်ငန်းခေတ္တရပ်နားပြီး လယ်ယာလုပ်ငန်းမှ အားလပ်သည့်အချိန်များတွင် ထုတ်လုပ်လျှက်ရှိကြောင်း သိရပါသည်။

DOCA(ပဲခူး)