Main menu

ပွဲတော်ရာသီဝယ်လိုအားအရ ပဲမျိုးစုံဈေးနှုန်းများ မြင့်တက်နိုင်သည်ဟု အိန္ဒိယကုန်သည်အသင်း ပြောဆို

Powered by Drupal

      အိန္ဒိယနိုင်ငံ၌ ပွဲတော်ရာသီ ဝယ်လိုအားကြောင့် ကုလားပဲဈေးနှုန်းများသည် မကြာမီကာလ အတွင်း မြင့်တက်လာဖွယ်ရှိသည်ဟု အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) က ဩဂုတ် လ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည့် ၎င်း၏ အပတ်စဉ်အစီရင်ခံစာ၌ ‌ဖော်ပြပါသည်။ ထို့အပြင် ပြည်တွင်းဈေးကွက်သို့ ကုန်စည်ဝင်ရောက်မှု ကျဆင်းလာမှုအရ ပဲစင်းငုံဈေးနှုန်းများသည်လည်း ကာလတိုအတွင်း မြင့်တက်လာနိုင်ကြောင်း၊ အလားတူ ရောင်းလိုအား အကျပ်အတည်းကြောင့် မတ်ပဲ ဈေးနှုန်းများသည်လည်း မြင့်တက်လာမည့် အရိပ်အခြေရှိနေကြောင်း အဆိုပါ အသင်းက ပြောကြားထားသည်။

     ပရီမီယံအဆင့် အရည်အသွေးကောင်းမွန်သော ကုန်လက်ကျန် ရရှိရန်ခက်ခဲမှုနှင့် ပွဲတော် ရာသီမတိုင်မီ ကြိုတင်ဝယ်ယူ စုဆောင်းမှုများကြောင့် ကုလားပဲဈေးနှုန်းများသည် ကာလတို အတွင်း မြင့်တက်လာမည်ဟု IPGA အသင်းက ခန့်မှန်းထားခြင်းဖြစ်သည်။ ရှေ့လာမည့် ဟိန္ဒူ ရိုးရာပွဲတော်များအတွက် ကုလားပဲခွဲခြမ်းနှင့် ပဲမှုန့်တို့အပေါ် ဝယ်လိုအားသည် ဆက်လက်တည်ရှိ နေပြီး စက်တင်ဘာလ၌ ပိုမိုအားကောင်းလာမှုနှင့်အတူ ဈေးနှုန်းများမြင့်တက်စေရန် အထောက်အပံ့ပြုလျက်ရှိသည်။ သို့ရာတွင် ပဲသိုလှောင်မှု လုပ်ကိုင်သူများနှင့် တောင်သူများလက်ဝယ်၌ ကုလားပဲလက်ကျန်မှာ အကန့်အသတ်ဖြင့်သာရှိကြောင်း၊ ရှေ့လာမည့် ကာလလတ်အတွင်း စားတော်ပဲဝါများကို စတင်၍ တင်သွင်းခွင့်ပြုလိမ့်မည်ဟု မျှော်မှန်းချက်အရ ကုလားပဲဈေးနှုန်းမှာ များစွာမြင့်တက်ဖွယ်မရှိကြောင်း၊ ဩဂုတ်လ ၉ ရက် စနေနေ့တွင် ကုန်ဆုံးသော ရက်သတ္တပတ် အတွင်း နိုင်ငံတစ်ဝန်းရှိ အဓိကဈေးကွက်များ၌ ကုလားပဲဈေးနှုန်းများမှာ အတက်အကျ မျိုးစုံ ပြောင်းလဲနေခဲ့ကြောင်း IPGA က ဖော်ပြထားသည်။

    ပွဲတော်မတိုင်မီ ကနဦးကြိုတင်စုဆောင်းထားရှိရန် လိုအပ်ချက်အရ ဖြစ်ပေါ်လေ့ရှိသော ဝယ်လိုအားသည် ယခင်သီတင်းပတ်တွင် အချို့သောဈေးကွက်များ၌ နည်းပါးနေခဲ့ပြီး ဈေးကွက် တစ်ခုလုံး ခြုံငုံကြည့်ပါက အရောင်းအဝယ် ကျဆင်းနေခဲ့သည်။ အဆိုပါ ရက်သတ္တပတ်အတွင်း မဒ္ဒရာပရာဒေ့ရှ်ပြည်နယ် Indore မြို့ ဈေးကွက်၌ ကုလားပဲ ၁၀၀ ကီလိုဂရမ်၏ ဈေးနှုန်းများသည် ယခင်အပတ်အောက် ရူပီး ၅၀ ခန့် လျော့နည်းလျက် ၆၄၂၅ ရူပီးမှ ၆၄၅၀ ရူပီး အကြားနှုန်းထားဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ မဟာရဋ္ဌပြည်နယ် Akola မြို့ ဈေးကွက်တွင်မူ ကုလားပဲ ၁၀၀ ကီလိုဂရမ်၏ ဈေးနှုန်းများသည် ယခင်အပတ်ထက် ၂၅ ရူပီးခန့် ပိုမိုလျက် ၆၄၅၀ ရူပီးမှ ၆၄၇၅ ရူပီး အကြားနှုန်းထား ရှိနေခဲ့ကြောင်း IPGA ၏ အချက်အလက်များအရ သိရသည်။

    ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိမှုမှ ဈေးကွက်သို့ ဝင်ရောက်မှုမှာ ကျဆင်းလျက်ရှိရာ ပဲစင်းငုံ ဈေးနှုန်းများသည် မကြာမီကာလအတွင်း အနည်းငယ်မျှ မြင့်တက်လာမည်ဟု IPGA က ခန့်မှန်း ထားသည်။ ထို့အပြင် ရှေ့လာမည့် အောက်တိုဘာမှ ဒီဇင်ဘာအတွင်း ဖြန့်ဖြူးပေးနိုင်ရေးအတွက် တမီနာဒူ မြို့ပြထောက်ပံ့ရေးကော်ပိုရေးရှင်း အနေဖြင့် ပဲစင်းငုံ သို့မဟုတ် ကနေဒါပဲနီလေးကို တန်ချိန် ၆၀၀၀၀ ခန့်အထိ တင်ဒါခေါ်၍ ဝယ်ယူမည်ဖြစ်ရာ ဈေးကွက်အရောင်းအဝယ် သွက်လက်လာမည့် အခြေအနေ ရှိနေသည်။

    လက်ရှိကာလတွင်မူ ပဲစင်းငုံဈေးနှုန်းများသည် ထပ်မံကျဆင်းဖွယ်မရှိပဲ ၁၀၀ ကီလိုဂရမ် လျှင် ပျမ်းမျှနှုန်းထား ရူပီး ၆၂၀၀ မှ ၆၂၅၀ အတွင်း အနိမ့်ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်လျက် ရှိသည်။ ပြည်တွင်းထွက် ပဲစင်းငုံများ ဝင်ရောက်မှု နည်းပါးလာပြီဖြစ်၍ ဈေးကွက်အနေဖြင့် အောက်တိုဘာလတိုင်အောင် မြန်မာနိုင်ငံမှတင်သွင်းလာသော ပဲစင်းငုံများအပေါ် အမှီပြုနေရဖွယ် ရှိကြောင်း၊ အာဖရိကဒေသမှ အသစ်စိုက်ပျိုးထွက်ရှိသော ပဲစင်းငုံများမှာ အောက်တိုဘာလမှသာ အိန္ဒိယဈေးကွက်သို့ ဝင်ရောက်လာနိုင်ကြောင်း IPGA အသင်းက ပြောဆိုထားသည်။

    ဩဂုတ်လ ၉ ရက်နေ့၌ ကုန်ဆုံးသော ရက်သတ္တပတ်အတွင်း အိန္ဒိယပြည်တွင်းရှိ အဓိက ဈေးကွက်များတွင် ဝယ်လိုအားကွဲပြားခြားနားမှုအရ ပဲစင်းငုံဈေးနှုန်းများသည် အမျိုးမျိုးကွဲပြား လျက်ရှိသော်လည်း အနိမ့်ဈေးဖြင့်သာ ဆက်လက်ရောင်းဝယ်မှု ဖြစ်ပေါ်နေခဲ့သည်။ မဟာရဋ္ဌ ပြည်နယ် Solapur မြို့၌ ပဲစင်းငုံ ၁၀၀ ကီလိုဂရမ်လျှင် ယခင်အပတ်ထက် ရူပီး ၅၀ ပိုမိုလျက် ရူပီး ၆၄၀၀ မှ ၆၈၀၀ အကြားနှုန်းထားသို့ မြင့်တက်ခဲ့သော်လည်း Delhi မြို့တော်တွင်မူ ရူပီး ၁၀၀ လျော့ကျလျက် ၁၀၀ ကီလိုဂရမ်လျှင် ရူပီး ၆၈၀၀ မှ ၆၈၅၀ နှုန်းထားသို့ ကျဆင်းခဲ့ကြောင်း သိရှိ ရသည်။

    ယခုနှစ် မိုးသီးနှံရာသီ၌ ရာသီဥတု ဆိုးရွားမှုကြောင့် မိုးမတ်ပဲစိုက်ပျိုးမှုအပေါ် ထိခိုက်မှုများ ရှိပြီး ရောင်းလိုအား ကျပ်တည်းနေမှုအရ မတ်ပဲဈေးနှုန်းများသည် ကာလတိုအတွင်း မြင့်တက်လာ နိုင်သည်ဟု IPGA ကုန်သည်အသင်းက ခန့်မှန်းထားသည်။ မဒ္ဒရာပရာဒေ့ရှ်နှင့် ဥတာပရာဒေ့ရှ် ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းခြင်းက မတ်ပဲစိုက်ဧရိယာများကို ထိခိုက်ပျက်စီးစေခဲ့ ပြီး အခြားသော မတ်ပဲစိုက်ပျိုးသည့် နယ်မြေဒေသများမှာမူ ရာသီဥတု ခြောက်သွေ့မှုကို ကြုံတွေ့ နေရသည်။ ထို့အပြင် ယခုနှစ် မိုးမတ်ပဲ စိုက်ပျိုးမှုမှာ ဩဂုတ် ၁ ရက်နေ့အထိ ဟက်တာ ၁.၈၆ သန်း စိုက်ပျိုးပြီးစီးခဲ့ပြီး ယခင်နှစ် ကာလတူ စိုက်ပျိုးမှုနှင့် နှိုင်းယှဉ်ပါက ၃ ရာခိုင်နှုန်းခန့် လျော့နည်းနေ ကြောင်း အိန္ဒိယ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

     မြန်မာနိုင်ငံမှ မတ်ပဲ ကုန်သေတ္တာအသစ်များ ဝင်ရောက်လာမှုနှင့်အတူ သိုလှောင်ထားသူ များ အနေဖြင့် ဈေးနှုန်းအမြင့်ဆုံး အခြေအနေကို ကျော်လွန်ခဲ့ချိန်၌ အမြတ်အစွန်းကျန်ရှိစေရေး အတွက် ဈေးကွက်သို့ ထုတ်ရောင်းခဲ့ကြသောကြောင့် ယခင်သီတင်းပတ်၌ မတ်ပဲဈေးနှုန်းများ ကျဆင်းခဲ့သည်ဟု IPGA အသင်းက ဖော်ပြထားသည်။ ဩဂုတ် ၉ ရက်နေ့၌ ကုန်ဆုံးသော ရက် သတ္တပတ်တွင် ဥတာပရာဒေ့ရှ်ပြည်နယ် Lalitpur မြို့၌ မတ်ပဲ ၁၀၀ ကီလိုဂရမ်၏ ဈေးနှုန်းများ သည် ယခင်အပတ်အောက် ရူပီး ၃၅၀ လျော့နည်းလျက် ရူပီး ၆၅၀၀ မှ ၇၁၅၀ အကြားနှုန်းထားဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရသည်။

Source: Informist Media, 11 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)