မလေးရှားနိုင်ငံ၌ ဇူလိုင်လအတွက် စားအုန်းဆီသိုလှောင်မှုလက်ကျန်ပမာဏသည် ၁၉ လ အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ရှေ့လာမည့်လများတွင် ထုတ်လုပ်မှုမြင့်မားလာမည့် အခြေ အနေရှိခြင်းက ဖိအားများသက်ရောက်ခံနေရသော စားအုန်းဆီဈေးနှုန်းများကို မြင့်တက်လာမှုမရှိ အောင် ထိန်းချုပ်ထားဖွယ်ရှိကြောင်း လေ့လာဆန်းစစ်သူများက ပြောဆိုလျက်ရှိသည်။
အင်ဒိုနီးရှားနိုင်ငံ၏ နောက်၌ ကမ္ဘာ့ဒုတိယအကြီးဆုံး စားအုန်းဆီထုတ်လုပ်သူဖြစ်သော မလေးရှားနိုင်ငံတွင် ထုတ်လုပ်မှု အမြင့်ဆုံးကာလဖြစ်သည့် စက်တင်ဘာ-အောက်တိုဘာ လများ မတိုင်မီ၌ စားအုန်းဆီထုတ်လုပ်မှုမှာ ဆက်လက်မြင့်တက်လာဖွယ်ရှိပြီး သိုလှောင်မှုလက်ကျန် ပမာဏသည်လည်း များပြားလာမည်ဟု BIMB Securities နှင့် Apex Securities ငွေကြေးနှင့် စတော့ရှယ်ယာ ကုမ္ပဏီ ၂ ခုက ပြောဆိုထားကြသည်။
ဒီပါဝလီပွဲတော်ရာသီ မတိုင်မီ အကြိုကာလ၌ အိန္ဒိယနိုင်ငံ၏ ဝယ်ယူစုဆောင်းမှုနှင့်အတူ အရှေ့မြောက်မုတ်သုံလေ စတင်ဝင်ရောက်ချိန်မှ နှစ်ကုန်ပိုင်းအထိ ကာလအတွင်း ထုတ်လုပ်မှု နှေးကွေးလာခြင်းအရ မလေးရှား၏ စားအုန်းဆီသိုလှောင်မှုလက်ကျန်သည် အောက်တိုဘာလမှ စတင်၍ လျော့ကျလာမည်ဖြစ်သည်ဟု BIMB Securities က ပြောဆိုခဲ့သည်။
ဩဂုတ် ၁၁ ရက်နေ့၌ ထုတ်ပြန်ခဲ့သော မလေးရှားအစိုးရ၏ အချက်အလက်များအရ စားအုန်းဆီတင်ပို့မှုမှာ တိုးတက်သော်လည်း ထုတ်လုပ်မှုပမာဏက ပိုမိုများပြားလျက်ရှိနေသဖြင့် ဇူလိုင်လကုန်တွင် စားအုန်းဆီလက်ကျန် သိုလှောင်ထားရှိမှုမှာ တန်ချိန် ၂.၁၁ သန်းဖြင့် ၅ လ ဆက် တိုက် မြင့်တက်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ရေခဲမုန့်မှသည် ခေါင်းလျှော်ရည်အထိ ကုန်ထုတ်လုပ်မှုကဏ္ဍစုံတွင် အသုံးပြုလျက်ရှိသော စားအုန်းဆီ၏ ဈေးနှုန်းများသည် ဇူလိုင်လဆန်းပိုင်းကပင် တစ်တန်လျှင် ရင်းဂစ် ၄၀၀၀ ကျော် ဝန်းကျင်၌ တည်ရှိနေခဲ့သည်။ ဘာဆာမလေးရှား ဆင့်ပွားစတော့ဈေးကွက်၌ နောက်ဆုံးအရောင်း အဝယ်ပြုလုပ်ခဲ့သော ၃ လတာအတွက် စံပြုစာချုပ်ဈေးနှုန်းမှာ တစ်တန်လျှင် ၄၃၇၂ ရင်းဂစ်နှုန်း ဖြစ်သည်။
အမေရိကန်နိုင်ငံ၌ ဇီဝဒီဇယ်၏ ဝယ်လိုအားခိုင်မာနေမှုနှင့် အခြားသော ဟင်းသီးဟင်းရွက် ဆီများနှင့် နှိုင်းယှဉ်လျှင် ယှဉ်ပြိုင်နိုင်စွမ်းကောင်းမွန်နေမှုအရ စားအုန်းဆီဈေးနှုန်းများသည် တစ် တန်လျှင် ရင်းဂစ် ၄၀၀၀ အထက်၌ ဆက်လက်တည်ရှိနေမည်ဟု မျှော်လင့်ရကြောင်း၊ ၎င်းနှုန်း ထားသည် ဈေးနှုန်းအပေါ် အကဲဆတ်သော ဝယ်ယူသူများကို ဆွဲဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း၊ အမေရိကန်၏ ဇီဝဒီဇယ် ဝယ်လိုအား ခိုင်မာမည့် အလားအလာနှင့် ထုတ်လုပ်မှုနည်းပါးနိုင်ခြေအရ ပဲပုပ်ဆီ၏ ဈေးနှုန်းများသည် ဆက်လက်မြင့်မားနေမည်ဖြစ်ကြောင်း၊ ပဲပုပ်ဆီနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းသက်သာမှု ကွာဟချက်မှာ ပိုမိုကျယ်ပြန့်လာသော်လည်း ထုတ်လုပ်မှုတိုးတက်ခြင်းက သိုလှောင်မှုလက်ကျန်ကို တိုးပွားစေလျက်ရှိရာ စားအုန်းဆီ၏ ဈေးနှုန်းမြင့်တက်မှုသည် အကန့် အသတ်ဖြင့်သာရှိနေကြောင်း Apex Securities ကုမ္ပဏီက ပြောဆိုခဲ့သည်။
Source: The Edge Malaysia, 12 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)