ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆန်တင်သွင်းမှုဆိုင်းငံ့ထားခြင်းကြောင့် နိုင်ငံ၏ အခွန်ဘဏ္ဍာရရှိမှု အပေါ် သက်ရောက်နိုင်ခြေ အလားအလာရှိနေသော်လည်း ဆန်တင်သွင်းမှုများအပေါ် အခွန်တိုး မြှင့်မည့်အစီအမံများ လတ်တလော ချမှတ်ရန် မရှိသေးကြောင်း ဘဏ္ဍာရေးဦးစီးဌာနက ပြောကြား ထားပါသည်။
အခွန်ဘဏ္ဍာရငွေ အနည်းငယ်ကျဆင်းမည်ဖြစ်သော်လည်း သတ်မှတ်ကာလအတွင်း မည် သည့် ပြတ်လပ်မှုမျှမဖြစ်ပေါ်ပဲ ရည်မှန်းထားသည့် အခွန်ဝင်ငွေပမာဏကို လွှမ်းခြုံရရှိနိုင်မည်ဟု အစိုးရအနေဖြင့် ယုံကြည်ထားကြောင်း၊ ဆန်တင်သွင်းမှုကို ဆိုင်းငံ့ရသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ စပါးရိတ်သိမ်းရာသီ ကျရောက်နေသည့်အတွက်သာဖြစ်ကြောင်း၊ သမ္မတ၏ ဆုံးဖြတ်ချက်တွင် တင်သွင်းမှုဆိုင်းငံ့ရန်သာပါရှိပြီး၊ အခွန်တိုးမြှင့်သွားမည့်အစီအစဉ် ပါဝင်ခြင်း မရှိ ကြောင်း ဘဏ္ဍာရေးအတွင်းဝန် Ralph Recto က ပြောကြားခဲ့ပါသည်။
သို့ရာတွင် ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်းကို ပြန်လည်ဖယ်ရှားပေးချိန်၌ အခွန်တိုးမြှင့် စည်း ကြပ်ရန်သင့်မသင့်ကိစ္စရပ်အပေါ် သုံးသပ်မှုများလုပ်ဆောင်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာ၌ စိုက်ပျိုးထုတ်လုပ်သည့် လယ်သမားများ၊ စားသုံးသူပြည်သူများနှင့် ဈေးနှုန်းဖောင်းပွမှုမှ ဖြစ်ပေါ် လာနိုင်သည့် နိုင်ငံ့စီးပွားရေးအခြေအနေ ဟူသော ကဏ္ဍသုံးရပ်အတွက် ပြေလည်မှုရရှိအောင် အခြားသော နည်းလမ်းများကိုလည်း အသုံးပြုဖြေရှင်းဆောင်ရွက်ရန် လိုအပ်ကြောင်း စီးပွားရေး၊ စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဌာနမှ အတွင်းဝန် Arsenio Balisacan ကပြောဆိုခဲ့ပါသည်။
အစောပိုင်းကာလ၌ အကောက်ခွန်ဗျူရိုမှ ကော်မရှင်အကြီးအကဲ Ariel Nepomuceno က ၎င်းတို့အနေဖြင့် အခွန်ဝင်ငွေကို လျာထားသည့်အတိုင်း ပြည့်ဝစွာရရှိစေရေး အကောင်းဆုံး ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများလည်းရှိကြောင်း၊ လက်ရှိ ကာလတွင် ဆန်တင်သွင်းမှုအပေါ် အခွန် ၁၅ ရာခိုင်နှုန်းစည်းကြပ်လျက်ရှိရာမှ ၁၅ ရာခိုင်နှုန်းနှင့် ၃၀ ရာခိုင်နှုန်း အကြားသို့ တိုးမြှင့်ကောက်ခံပါက အဆိုပါဆိုင်းငံ့ကာလအတွက် အခွန်ရငွေဆုံးရှုံးမှု များကို ခုနှိမ်သက်သာရာရစေမည်ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။
ဘဏ္ဍာရေးအတွင်းဝန် Mr. Recto ကမူ ဆန်တင်သွင်းမှုအား ယခုနှစ် စက်တင်ဘာလမှ အောက်တိုဘာလအထိ ရက်ပေါင်း ၆၀ ဆိုင်းငံ့ခြင်းသည် သီးနှံရိတ်သိမ်းချိန်ကာလ၌သာ သက် ရောက်မှုရှိမည်ဖြစ်ပြီး အဆိုပါကာလထက် ကျော်လွန်၍ တိုးမြှင့်သတ်မှတ်မည် မဟုတ်ကြောင်း၊ ၎င်းအနေဖြင့် အခွန်ဝင်ငွေ အမြောက်အမြား ဆုံးရှုံးမည်ဟု မျှော်မှန်းထားခြင်းမရှိကြောင်း၊ နိုင်ငံ၏ ဆန်ပြတ်လပ်မှုသည် တန်ချိန် ၄.၆ သန်းဖြစ်ပါက လိုအပ်သောပမာဏကို ဆိုင်းငံ့ကာလမတိုင်မီ တင်သွင်းခြင်း သို့မဟုတ် စပါးရိတ်သိမ်းရာသီကုန်ဆုံးသည့် နှစ်ကုန်ပိုင်းတွင် ချိန်ညှိတင်သွင်းခြင်း ကို လုပ်ဆောင်နိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
Source : The Philippine Star, August 12, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)