Main menu

အာရှဈေးကွက်အသစ်များသို့ ဆန်တင်ပို့ရန် ထိုင်းကုန်သည်များ ကြိုးပမ်း

Powered by Drupal

      ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေးဘီးယား၊ ဂျပန်နှင့် ဟောင်ကောင် ဒေသများသို့ ဆန်တင်ပို့မှုများ မြှင့်တင်ရန် အစီအစဉ်အား ကြေညာခဲ့သည်။

   ထိုင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Jatuporn Buruspat က ၎င်းတို့ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်အတွက် ဆန်တင်ပို့မှုအပေါ် ထင်မြင်ယူဆ ချက်များကို ဆွေးနွေးရန်အတွက် ထိုင်းဆန်တင်ပို့သူများအသင်းနှင့် အစည်းအဝေး ကျင်းပခဲ့ ကြောင်း၊ အစိုးရချင်း သဘောတူညီမှု စာချုပ်အောက်တွင် တင်ပို့ရန် ကျန်ရှိနေသည့် ဆန်တန်ချိန် ၂၈၀၀၀၀ ကို တင်ပို့မှုအရှိန်မြှင့်တင်ရန်အတွက် တရုတ်အရာရှိများနှင့် ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနအား ညွှန်ကြားခဲ့ကြောင်း ပြောကြားခဲ့သည်။

   ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထိုင်းစပယ်ဆန်အတွက် ဝယ်လိုအားများလာသော ဈေးကွက်ဖြစ်သည့် ဟောင်ကောင်အပြင် ဆန်ဖြူနှင့် ပေါင်းဆန်တို့ကို အဓိကဝယ်ယူသည့်နိုင်ငံများဖြစ်သည့် ဂျပန်၊ ဆော်ဒီအာရေးဘီးယားနှင့် ဘင်္ဂလားဒေ့ရှ်ကဲ့သို့ အဓိကဈေးကွက်များတွင် အရောင်းမြှင့်တင်ရန်အတွက်လည်း အာရုံစိုက်လျက်ရှိကြောင်း သိရှိရ သည်။

   ထိုင်းဆန်တင်ပို့သူများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Chookiat Ophaswongse က ယခု နှစ်သည် ကမ္ဘာ့ဆန်ပိုလျှံမှုနှင့် ဝယ်လိုအားကျဆင်းမှုကြောင့် စိန်ခေါ်မှုများသည့် နှစ်တစ်နှစ်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။

   ယခင်နှစ်၌ ဆန်တန်ချိန် ၄ သန်း တင်သွင်းခဲ့သော အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် ဆန်ပမာဏအနည်းငယ်သာ ဝယ်ယူရန် ခန့်မှန်းထားကြောင်း၊ ယခုအတောအတွင်း ဆန်ဈေးနှုန်း များသည် တစ်ကီလိုဂရမ်လျှင် ၁၉ ဘတ်နှင့် ၂၀ ဘတ်အကြားရှိရာမှ ၁၀.၅၀ ဘတ်အထိ တစ်ဟုန် ထိုး ကျဆင်းသွားကြောင်း သိရှိရသည်။

    Mr Chookiat က ၎င်းတို့ပြိုင်ဘက်နိုင်ငံများအနေဖြင့် ထိုင်းဆန်နှင့် ၎င်းတို့၏ ထုတ်ကုန် များအကြား အရည်အသွေးကွာဟမှုကို ကျဉ်းမြောင်းစေသည့် ဆန်အရည်အသွေးများ တိုးတက် လာပြီဖြစ်ကြောင်း၊ ထိုင်းဆန်များသည် ဆက်လက်ဈေးနှုန်းမြင့်တက်နေမည်ဆိုပါက ဝယ်သူများ အနေဖြင့် အခြားဆန်များကို ပြောင်းလဲဝယ်ယူနိုင်‌ကြောင်း ပြောကြားခဲ့သည်။

    ၎င်းတို့အနေဖြင့် ဈေးကွက်နည်းဗျူဟာများနှင့် အရောင်းမြှင့်တင်ရေးလုပ်ငန်းများကို မြှင့် တင်ရမည်ဖြစ်ပြီး အထူးသဖြင့် တရုတ်နှင့် အရှေ့အလယ်ပိုင်းဒေသများကဲ့သို့ အလားအလာရှိ ဈေးကွက်များတွင် အာရုံစိုက်ရန်လိုအပ်ကြောင်း၊ အာရှတွင် လူကြိုက်များမှု မြင့်တက်လာသော နူးညံ့သည့်ဆန်ကို ပိုမိုနှစ်သက်လာသည်နှင့်အညီ ၎င်းတို့၏ ထုတ်ကုန်အမျိုးအစားများကို မျိုးစုံ ဖြန့်ချိရမည်ဖြစ်ကြောင်း သိရှိရသည်။

  ထိုင်းဆန်တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌ Charoen Laothamatas က ယှဉ်ပြိုင်နိုင်စွမ်း အားကောင်းစေရန် ၁ ဒေါ်လာလျှင် ဘတ်ငွေ ၃၃ - ၃၄ ဘတ်နှုန်းဖြင့် တည်ငြိမ်အောင်ထိန်းသိမ်း ထားသင့်ကြောင်း အစိုးရသို့ အကြံပြုခဲ့သည်။ ငွေလဲနှုန်း မတည်ငြိမ်မှုသည် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၏ ဈေးကွက်ဆုံးဖြတ်ချက်များကို ထိခိုက်နိုင်ကြောင်း၊ ဆော်ဒီအာရေးဘီးယား နိုင်ငံရှိ လုပ်သားစခန်းများတွင် စားသုံးသည့် ဆန်အမာစျေးကွက်ရရှိမှုနှင့် ဂျပန်သို့ ဆန်ပို့ကုန် ခွဲတမ်း တိုးမြှင့်ရရှိရေး အစိုးရ အနေဖြင့် အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အီရတ်နိုင်ငံသည်လည်း ထိုင်းဆန်အတွက် အလားအလာရှိသော နောက်ထပ်စျေးကွက်တစ်ခုဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ဘတ်ငွေ ၇၅.၆ ဘီလီယံတန်ဖိုးရှိသော ဆန်တန်ချိန် ၃.၇၃ သန်းကို တင်ပို့ခဲ့ရာ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် တန်ချိန် အားဖြင့် ၂၇.၃ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၃၆.၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာန၏ ခန့်မှန်းချက်အရ ယခုနှစ်အတွင်း ဆန်တန်ချိန် ၇.၅ သန်းခန့် တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။

Source: Bangkok Post, 11 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)