Main menu

ဗီယက်နမ်၏ မွေးမြူရေးအစာလိုအပ်ချက် ဆက်လက်မြင့်တက်လျက်ရှိ

Powered by Drupal

     ဗီယက်နမ်နိုင်ငံ၌ ပြည်သူများ၏ နေ့စဉ်စားသုံးမှုပုံစံ ပြောင်းလဲလာမှုနှင့်အတူ ပြည်ပသို့ ရေထွက်ကုန်တင်ပို့မှု တိုးတက်လာခဲ့ရာ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၏ တိရစ္ဆာန်မွေးမြူရေး အစာ ဝယ်လိုအားသည်လည်း ဆက်လက်မြင့်တက်လျက်ရှိသည်ဟု အမေရိကန်စိုက်ပျိုးရေးဦးစီး ဌာန လက်အောက်ရှိ နိုင်ငံခြားစိုက်ပျိုးရေးဝန်ဆောင်မှုဌာန (Foreign Agricultural Service  ̶  FAS) က အစီရင်ခံဖော်ပြထားပါသည်။  

          ဗီယက်နမ်၏ မွေးမြူရေးအစာလိုအပ်ချက်သည် ၂၀၂၅ ပြက္ခဒိန်နှစ်အတွင်း တန်ချိန် ၂၈.၇ သန်းအထိ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ်တွင် ၂၉.၅ သန်းသို့ ဆက်လက်မြင့်တက်နိုင်ကြောင်း ဩဂုတ် ၆ ရက်နေ့တွင် ထုတ်ပြန်သော သုံးလပတ် အစီရင်ခံစာ၌ FAS က ဖော်ပြခဲ့သည်။

          ဗီယက်နမ်နိုင်ငံ၏ ရေထွက်ကုန် ငါး၊ ပုစွန် ထုတ်လုပ်မှုမှာ ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ် ပါက ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်တွင် ၄.၉ ရာခိုင်နှုန်း တိုးတက်လျက် တန်ချိန် ၂.၆ သန်းခန့်ရှိမည်ဟု ခန့်မှန်းရသည်။ အမေရိကန်နိုင်ငံ၊ ဘရာဇီးနိုင်ငံနှင့် ပစိဖိတ်ဒေသဖွံ့ဖြိုးတိုးတက်မှုနှင့် ဘက်စုံ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု စာချုပ်အဖွဲ့ (CPTPP) ၏ အဖွဲ့ဝင်နိုင်ငံများသည် ဗီယက်နမ်၏ ရေထွက်ကုန်တင်ပို့ရာ အဓိကဈေးကွက်များဖြစ်သည်။

          ဗီယက်နမ်နိုင်ငံတွင် စီးပွားရေးကုမ္ပဏီကြီးများနှင့် လုပ်ကွက်ငယ်တောင်သူများ အကြား မိတ်ဖက်လုပ်ကိုင်မှု တိုးတက်လာခြင်းနှင့်အတူ သမားရိုးကျ မိသားစုလယ်ယာလုပ်ငန်းမှ စက်မှု လယ်ယာ ကုန်ထုတ်လုပ်မှုပုံစံသို့ ပြောင်းလဲလာခြင်းတို့၏ တွန်းအားအရ ဝက်မွေးမြူမှုပမာဏ သည် ပြန်လည်တိုးတက်လာခဲ့ကြောင်း၊ ကြက်ဘဲမွေးမြူရေးလုပ်ငန်းတွင်လည်း မည်သည့် ကြီးမား သောရောဂါမျှ ကျရောက်ခြင်းမရှိပဲ အစဉ်တစိုက် တိုးတက်လျက်ရှိရာ ကြက်ဘဲအကောင်ရေသည် ၂၀၂၄ ခုနှစ် ဇွန်လကထက် ၂၀၂၅ ခုနှစ် ဇွန်လတွင် ၄ ရာခိုင်နှုန်း တိုးတက်မှုရှိသည်ဟု ခန့်မှန်းထား ကြောင်း FAS ဌာနက ပြောဆိုထားသည်။

          ဗီယက်နမ်သည် ပီလောပီနံနှင့် ဖွဲနုတို့ကဲ့သို့သော ပြည်တွင်းမွေးမြူ‌ရေးလုပ်ငန်းတွင် သုံးစွဲ သည့် ထုတ်ကုန်များတင်ပို့မှုကို တိုးမြှင့်လျက်ရှိနေချိန်၌ ၎င်း၏ ပြောင်းသီးနှံထုတ်လုပ်မှုမှာမူ ကျဆင်းလျက်ရှိနေခဲ့သည်။ ဤအခြေအနေက မွေးမြူရေးအစာအတွက် ပြောင်းနှင့် သီးနှံကြိတ် ဖတ်အခြောက် (Distiller’s Dried Grains with Solubles  ̶  DDGS) များ တင်သွင်းရန် ဝယ်လိုအား ကို မြင့်တက်စေလျက်ရှိသည်။

          သို့ဖြစ်ရာ ၂၀၂၄-၂၅ ဈေးကွက်ရာသီနှစ်အတွင်း ဗီယက်နမ်အနေဖြင့် ပြောင်းသီးနှံတန်ချိန် ၁၂.၃ သန်းအထိ တင်သွင်းရဖွယ်ရှိကြောင်း၊ ပြည်တွင်း ပြောင်းထွက်ရှိမှုမှာမူ ယခင်နှစ်၌ တန်ချိန် ၄.၃ သန်း ရှိရာမှ ယခုနှစ်တွင် တန်ချိန် ၄.၁ သန်းသို့ လျော့ကျနိုင်ကြောင်း၊ ၂၀၂၄-၂၅ ခုနှစ်အတွက် ပြောင်းသီးနှံ အသုံးပြုမှုမှာ မွေးမြူရေးအစာအဖြစ် သုံးစွဲမှု တန်ချိန် ၁၄.၃ သန်း အပါအဝင် စုစု ပေါင်း တန်ချိန် ၁၅.၈ သန်းခန့်ရှိနိုင်ကြောင်း၊ ဗီယက်နမ်၏ နှစ်စဉ် ပြောင်းသီးနှံသုံးစွဲမှုပမာဏတွင် မွေးမြူရေးအစာသည် ၈၅ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်းအထိ ပါဝင်ကြောင်း သိရှိရသည်။

          ၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်အတွင်း ဗီယက်နမ်သည် သီးနှံကြိတ်ဖတ်အခြောက် တန်ချိန် ၇၅၀၀၀၀ ကို တင်သွင်းခဲ့ရာ ယခင်နှစ် ကာလတူ၌ တင်သွင်းမှုထက် ၁၃ ရာခိုင်နှုန်း ပိုမိုလာခဲ့ ကြောင်း World Grain သတင်းဝက်ဘ်ဆိုက်က ဖော်ပြထားသည်။

Source: World Grain, 8 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)