Main menu

ဆန်တန်ချိန် ၅ သိန်းတင်သွင်းရန် ကုမ္ပဏီ ၂၄၂ ခုသို့ ဘင်္ဂလားဒေ့ရှ်အစိုးရ ခွင့်ပြု

Powered by Drupal

    ဘင်္လားဒေ့ရှ်နိုင်ငံတွင် ဆန်ဈေးနှုန်းများမြင့်တက်မှုကို ထိန်းချုပ်ရန်နှင့် ဈေးကွက်တည်ငြိမ် စေရန် လုပ်ဆောင်မှုတစ်ခုအဖြစ် အစိုးရသည် ပုဂ္ဂလိကကုမ္ပဏီပေါင်း ၂၄၂ ခုသို့ ပေါင်းဆန်နှင့် အခြားဆန် အမျိုးအစားများ အပါအဝင် စုစုပေါင်း ဆန်မက်ထရစ်တန်ချိန် ၅ သိန်း တင်သွင်းခွင့်ပြု ခဲ့သည်။

   စားနပ်ရိက္ခာဝန်ကြီးဌာနသည် ဆန်တင်သွင်းရန် ခွဲတမ်းရရှိထားသည့် ကုမ္ပဏီများအတွက် ခွင့်ပြုချက်တောင်းခံသည့်စာတစ်စောင်ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ ဩဂုတ် ၁၀ ရက် တနင်္ဂနွေနေ့၌ ပေးပို့ခဲ့သည်။  တင်သွင်းခွင့်ပြုသည့် စုစုပေါင်း ဆန်ပမာဏတွင် ပေါင်းဆန်သည် တန်ချိန် ၄၆၁၀၀၀ နှင့် အခြားဆန်သည် တန်ချိန် ၃၉၀၀၀ ပါဝင်ပြီး ပြည်ပမှ တင်သွင်းသော ဆန်အားလုံးသည် ဆန်ကွဲပါဝင်မှု ၅ ရာခိုင်နှုန်းထက် မပိုသောဆန်များဖြစ်ရမည်ဟု ညွှန်ကြားထားသည်။

   ဆန်တင်သွင်းသူများအနေဖြင့် ခွဲဝေချထားပေးသည့် ဆန်ပမာဏအားလုံးကို ဘင်္ဂလားဒေ့ရှ် ပြည်တွင်းသို့ စက်တင်ဘာ ၃၀ ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။ ထို့အပြင် တင် သွင်းလာသည့် ဆန်ပမာဏ၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုဆိုင်ရာ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ ခရိုင်စားနပ်ရိက္ခာ ကြီးကြပ်ရေးမှူးထံ တင်ပြရမည်ဖြစ်သည်။

    စားနပ်ရိက္ခာဝန်ကြီးဌာန၏ အကြောင်းကြားစာတွင် ခွဲ‌တမ်းချထားပေးသည့် ပမာဏထက် ကျော်လွန်၍ တင်သွင်းခွင့်ပြုမိန့် ထုတ်ပေးခြင်းမပြုရန် ဖော်ပြထားသည်။ တင်သွင်းလာသော ဆန် ကို မူရင်းထုပ်ပိုးမှု ပုံစံဖြင့်သာ ရောင်းချရမည်ဖြစ်ပြီး မတူညီသော ကုမ္ပဏီ အမည်တစ်ခုအောက် တွင် ပြန်လည်ထုပ်ပိုးခြင်းကို တားမြစ်ထားသည်။

    မကြာသေးမီကဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှုကြောင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုကို ထိခိုက် မှုရှိလာနိုင်ခြင်းအပေါ် ဈေးနှုန်းတည်ငြိမ်မှုကို ထိန်းသိမ်းရန် အစိုးရ၏ ကြိုတင်ကာကွယ်မှု မဟာ ဗျူဟာ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အဆိုပါ အစီအမံကို ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့ အစိုးရအဖွဲ့အတွင်းရေးမှူးရုံး၌ ကျင်းပသည့် စားနပ်ရိက္ခာစီမံကိန်းနှင့် စောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင် အပြီးသတ်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Source: United News of Bangladesh, August 11, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)