Main menu

ပခုက္ကူမြို့ အထက(၄)ကျောင်း၌ ကျောင်းသား၊ကျောင်းသူများအား အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၊ (၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် ပခုက္ကူမြို့၊ အထက (၄) ကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ (၁၀) ဦးနှင့် ကျောင်းသား/ သူ (၆၅) ဦးတို့တက်ရောက်ခဲ့ကြပါသည်။

          ဟောပြောပွဲတွင် အထက (၄)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဝင်းညွှန့်မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ဦးစီးမှူး ဦးမြတ်မင်းမှ ဌာန၏သမိုင်းကြောင်း၊ ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့် ယခု ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ဌာန၏ မျှော်မှန်းချက်ဖြစ်သော “စားသုံးသူများလုံခြုံစိတ်ချရမှုရှိစေရန်” ဟူသော ရည်ရွယ်ချက်များပြည့်ဝစေရန်အတွက် ကျောင်းသား/သူများအား အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ယူအသုံးပြုရာတွင် စားသုံးသူများ၏ အခွင့်အရေးနှင့် ကုန်ပစ္စည်းများတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို သိရှိလိုက်နာဆောင်ရွက်တတ်စေရန် အသိပညာပေး ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း ဦးစွာပထမ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

         ဒုဦးစီးမှူး ဒေါ်ခင်သူဇာမှ စားသုံးသူကာကွယ်ရေး၊ စားသုံးသူ၊ ကုန်စည်၊ ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များအား ရှင်းလင်းခြင်း၊ စားသုံးသူများ ရရှိသည့် အခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များကို ဆွေးနွေးပြောကြားခဲ့ပြီး အခုလိုသိရှိမှသာ အခွင့်အရေးများကို တောင်း ခံနိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူများ လိုက်နာရမည့် တာဝန်များကိုလည်း တိတိကျကျ လိုက်နာရန် လိုအပ်ကြောင်းများနှင့် အခန်း(၁၈)ပါ ကုန်စည်များတွင် ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများကို နမူနာပစ္စည်းများပြသ၍ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြီး ယခုကဲ့သို့ ကုန်အညွှန်းအမှတ်အသားများမပါလျှင် ဝယ်ယူ၊ စားသောက်၊ ရောင်းချခြင်း မပြုစေချင်ကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှသာလျှင် သုံးစွဲစေချင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရပါသည်။

         ဆက်လက်၍ ဦးစီးမှူး ဦးမြတ်မင်းမှလည်း ကျောင်းသား/သူများ အနေဖြင့် မိမိကိုယ်တိုင်၊ မိဘ၊ ဆွေမျိုးနှင့် ပတ်ဝန်းကျင်ရှိ မိတ်ဆွေအပေါင်းအသင်းများအား အခွင့်အရေးများကို နစ်နာဆုံးရှုံး မှုရှိခဲ့လျှင် တိုင်ကြားနိုင်ရန် စားသုံးသူသတင်းပြန်ကြားရေးနှင့် လက်ခံဆောင်ရွက်ရေး စင်တာ“CICC” ရုံးများ ဖွင့်လှစ်ထားရှိပြီးဖြစ်ကြောင်း၊ တိုင်ကြားနိုင်ကြောင်း၊ ဒါအပြင် Facebook စာမျက်နှာတွင် လည်းကောင်း၊ DOCA Myanmar Application တွင်လည်းကောင်း၊ Consumer Call Center ဖွင့်လှစ်ထားသည့် (1535) တွင်လည်းကောင်း တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားလျှင်ဖြေရှင်း ဆောင်ရွက်ပေးလို့မရသည့် ကိစ္စများကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာလျှင် တိုင်ကြားနိုင်သည့် တိုင်ကြားသူများအကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်  ရှင်းလင်းဆွေးနွေးခဲ့ပါသည်။တက်ရောက်လာသည့် ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)