Main menu

ဝက်လက်မြို့နယ်၊ သခွတ္တောကျေးရွာမှ ဘိုးဘွားအမွေအနှစ်ကို ဆက်လက်ထိန်းသိမ်းသည့် ဆားချက်လုပ်ငန်းအကြောင်း

Powered by Drupal

        ကျွန်မတို့မြန်မာလူမျိုးများသည် ထမင်းကိုအာဟာရအဖြစ် နေ့စဉ်အဓိကထားချက်ပြုတ်စား သောက်ရပြီး ထမင်းကိုအရသာရှိအောင် ပံ့ပိုးပေးသည့်အရာများထဲတွင် ဆားသည်အဓိကပါဝင်သည့် အပြင် ဟင်းလျာများ၏ အရသာကိုလည်းပိုမိုကြွယ်ဝလာအောင် အဓိကပံ့ပိုးပေးပါသည်။ အိမ်တိုင်း၏ မီးဖိုဆောင်တွင် မဖြစ်မနေအသုံးဝင်သည်သာမက ကျန်းမာရေးတွင်လည်းအရေးပါလှသလို ဗုဒ္ဓဘာသာ မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ဖြစ်သည့် လပြည့်၊ လကွယ်နေ့များတွင် အိမ်ရှိဘုရား ကို ဆန်၊ ဆီ၊ ဆား၊ ဆေး ဟူ၍လှူဒါန်းကြသည့်ဓလေ့ရှိသည့်အပြင် အခါကြီး ရက်ကြီး နေ့များတွင်ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်အပြင်ဆားများကိုထည့်၍ လှူဒါန်းကြပါ သည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ဝက်လက်မြို့နယ် သခွတ္တောကျေးရွာတွင် ဘိုးဘွား၊မိဘ များ၏ လက်ငုတ်လုပ်ငန်းဖြစ်သည့် ဆားချက်သည့်လုပ်ငန်းကို မိသားစုတစ်နိုင် တစ်ပိုင်လုပ်ငန်း အဖြစ်ယနေ့တိုင်လုပ်ကိုင်လျက်ရှိကြရာ ဂျပန်ခေတ်မှစတင်ပြီး ချက်လုပ်ခဲ့ကြကြောင်း လေ့လာသိရှိ ရပါသည်။ သခွတ္တောကျေးရွာတွင် အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ (၄)ပိုင်းရှိရာ ဆားချက်သည့်လုပ်ငန်းကို တောင်ပိုင်းတွင်သာ လုပ်ကိုင်၍ရကြောင်း၊ သခွတ္တော ကျေး ရွာတွင် ဆားခင်း(၂၀၀)ကျော်ရှိပြီး ဆားချက်သည့်အိမ်ခြေ (၁၃၀)ကျော်ရှိကြောင်း သိရှိပါသည်။

ဆားချက်သည့်ရာသီ

          ဆားချက်မည့်မြေကြီးများကို နွေရာသီတွင် တွင်ကျယ်စွာလုပ်ကိုင်ရပြီးမိုးရာသီတွင် ဆားခင်း ထဲရေဝင်သဖြင့် လုပ်ကိုင်၍မရကြောင်း၊  တန်ဆောင်းမုန်းလတွင် ဆားငံရေစစ်ထားသော မြေကြီး များကို တောင်းများဖြင့်ရွက်ကာ ဆားခင်းထဲသို့ မြေစာအဖြစ်ပြန်၍ အသုံးပြုရန်ထည့်ရကြောင်း၊ မြေကြီးများ၊ ခဲများကိုကြေမွအောင်ထုချေ၍ ညက်မှုန်နေအောင် နွားနှင့်ထယ်ထိုးထားရပြီး မြေကြီးကို နှပ်ထားရကြောင်း တပို့တွဲလမှစ၍ ဆားကိုပြန်လည်လုပ်ကိုင်ကြကြောင်း သိရှိရပါသည်။

ဆားချက်ပုံအဆင့်ဆင့်

         အချို့မှာ ဆားချက်သည့်မြေ(ဆားခင်း)ကို (၁)ဧကစီထားပြီး၊ အချို့မှာ (၂)ယောက်စိုက်၊ (၃)ယောက်စိုက်စသည့်ဖြင့်ထားကြကြောင်း၊ ဆားခင်း (၁)ဧကလျှင် ဘောင် (ခေါ်) ခုံ (၄၀) ကျော်ရ အောင် ပြုလုပ်ကြကြောင်း၊ ဆားချက်သည့်နေရာနှင့် မနီးမဝေးတွင် ဆားခင်းထဲရေသွင်းရန် ရေငံ တွင်းတူးထားရပါကြောင်း၊ ရေငံတွင်းမှသာလျှင် ဆားချက်၍ ရမည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆား ချက်ရာတွင်ပထမဉီးစွာ မြေကိုညီအောင်နွားနှင့်ထွန်ရပြီး တစ်ခါထွန်လျှင် လုပ်သားဌားခ (၁၅၀၀ဝိ/- ) ပေးရကြောင်းသိရှိရပါသည်။ ညီအောင်ထွန်ထားသောမြေကြီးကို ဘောင်(ခေါ်)ခုံရအောင်  ပြုလုပ်ရ ကြောင်း၊ ခုံပြုလုပ်ပြီးပါက ခုံနှင့်မြေကြီးတစ်ညီထဲမဖြစ်စေရန် မြောင်းဖောက်ရကြောင်း၊ ခုံအကျယ် အဝန်းကို (၁)ခုံလျှင် နှစ်ထောင့်တွာရအောင်ပြုလုပ်ပြီး မြေ(၁)ဧကကို ခုံ(၄၀)ကျော်ရ အောင်ပြုလုပ် ကြကြောင်းသိရှိရပါသည်။ ခုံဖော်ထားသည့် ရေမြောင်းထဲသို့ ရေငံတွင်းထဲမှ ရေကိုစက်ဖြင့်သွင်းရ ကြောင်း (၁)ဧကကိုစက်ဖြင့်ရေသွင်းလျှင် တစ်နေကုန်သွင်းရပြီး (၁)ခါသွင်းလျှင် ဆီ(၁) ဂါလံကုန် ကြောင်း၊  ရေသွင်းရာတွင် ရေမြောင်းကို ပြည့်လျှံနေအောင်သွင်းရပြီး ရေမြောင်း၏ အပေါ်ခုံကို ရေစိမ့်သွားအောင် သွင်းရကြောင်း၊ ရေသွင်းပြီးပါက ရေမြောင်းထဲမှ ရေကိုခြောက်အောင် နေလှမ်းရကြောင်း၊ နေအပူရှိန်ပြင်းလျှင် (၅)ရက်ခန့်လှမ်းရပြီး နေလှမ်းပြီးပါက ရေမြောင်းထဲမှ မြေကိုခုံပေါ်သို့ ပေါက်ပြားနှင့်ယက်တင်ရကြောင်း၊  ထို့နောက် ရေမြောင်းခြောက်သွားလျှင် ရေ(၁)ခါ ထပ်သွင်းရပြီး သွင်းထားသောရေကို အခြောက်ပြန်လှမ်းရကြောင်း၊ ရေ(၂)ခါပေးပြီးသွားပါက အပုံ လေးများပုံပြီး တောင်းနှင့်ရုတ်ကာ အပုံကြီးများပုံထားရကြောင်း၊ (၁)ခုံလျှင် မြေကြီးရွက်ခလုပ်သား တစ်ဦးလျှင် ဆားတစ်ပိဿာ ပေးရကြောင်းသိရှိရပါသည်။ ဆားချက်မည့် မြေကြီးများကို သက်ကယ် မိုးဖြင့် မိုးထားသောမြေစိုက်တဲတွင် မိုးလုံအောင်သိမ်းဆည်းရကြောင်း  သိရှိရပါသည်။ နွေရာသီ တစ်နွေလုံးတွင် ဆားချက်မည့်မြေကြီးများကို ထယ်ထွန်ခြင်း၊ ရေသွင်းခြင်း၊ ရေသွင်းပြီး သော ရေမြောင်းကိုအခြောက်လှမ်းခြင်းစသည်ဖြင့် အဆင့်ဆင့်ပြုလုပ်၍ မိုးလုံအောင်သိမ်းဆည်းရကြောင်း၊ ထို့နောက် လိုအပ်သလို ဆားချက်၍ရသဖြင့် ဆားသည် (၁)နှစ်ပတ်လုံး ပြတ်လပ်မှုမရှိဘဲ အလျဉ်မီ ကြောင်းသိရှိရပါသည်။

          ဆားချက်ရန်အတွက် ရွံ့မာများကို ထုထည်ကြီးမားစွာ ခပ်မြင့်မြင့်ပုံထားပြီး ထိုရွံ့မာပေါ်တွင် ဝါးခြမ်းလေးများကို ဇလားပုံသဏ္ဍာန်ရက်လုပ်ကာ တင်ထားရကြောင်း၊ ထိုအရာကို (ကား)ဟုခေါ် ကြောင်း ၊   ရွံ့မာ၏ အောက်ခြေတွင် ဆားငံရေစစ်ရန် ရေပိုက်ထည့်ထားရကြောင်း၊ ရေပိုက်အောက်တွင် ရေအိုးထားရှိရကြောင်း၊ သိမ်းဆည်းထားသော ဆားချက်မည့်မြေကြီးများကို ထိုကားပေါ်မှ ရေငံ ရေလောင်းချရကြောင်း၊  ထိုလောင်းချသော ဆားငံရေများသည် ပိုက်မှတဆင့် ရေအိုးထဲသို့ကျလာ ကြောင်း၊ ပြီးနောက် မြေကြီးများကိုထပ်ထည့်ပြီး ပထမအကြိမ်စစ်ထားသောရေများကို ကားထဲပြန်ထည့် ဆားချက်မည့်မြေကြီးများကို ထပ်ထည့်ပြီးရေစစ်ရကြောင်း၊  ဒုတိယအကြိမ်ရလာသော ဆားငံရေ များကို ချက်လုပ်ရကြောင်း သိရှိရပါသည်။ ရရှိလာသောဆားငံရေများကို စဉ့်အိုးကြီးများဖြင့် သိမ်းဆည်းထားကြောင်း သိရှိရပါသည်။

          ဆားချက်မည့်ဒယ်သည် သွပ်အမာဖြင့်ပြုလုပ်ထားပြီး အလျား ၆ပေ၊ အမြင့် ၅လက်မနက် သော ဒယ်ဖြစ်ကြောင်း၊ ဆားချက်ရာတွင် ဖွဲမီးဖိုကို အသုံးပြုပြီး ဖွဲခွံများကို ထော်လာဂျီတစ်စီးလျှင် (၁၇၀၀ဝိ/-)ပေး၍ ဝယ်ရကြောင်း၊ ဖွဲ(၁)စီးလျှင် ဆား(၁၁) ဒယ်ကျော်ချက်နိုင်ကြောင်း သိရှိရပါသည်။ ဆားငံရေကို ခြောက်အောင်ချက်ရပြီး ရေခမ်းခါနီးတွင် မီးကိုလျော့ပေးရကြောင်း၊  ဆား(၁)ဒယ်ချက် လျှင်(၃)နာရီကြာအောင်ချက်ရကြောင်း၊ ဆားကို မနက်မှစတင်၍ ညနေအထိချက်ပါက (၄)ဒယ်ချက် နိုင်ပြီး တစ်ဒယ်လျှင်(၁၂)ပိဿာကျော်ခန့် ထွက်ရှိကြောင်း၊ နေ့နှင့်ညတစ်နေကုန် ချက်ပါက(၇)ဒယ် ချက်နိုင်ပြီး (၈၄)ပိဿာကျော်ခန့် ထွက်ရှိကြောင်း၊ ချက်ပြီးသားဆားများကို ဖျာထဲတွင်ထည့်ထားပြီး  အေးသွားပါက အိတ်အကြည်ပါးဖြင့် သိမ်းဆည်းထားရကြောင်း သိရှိရပါသည်။

ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ

          ဆားများကို ဝက်လက်မြို့ပေါ်ရှိ ဈေးဆိုင်များသို့ ရောင်းချရပြီး ရွာနီးချုပ်စပ်မှ ခေါင်းရွက် ဈေးသည်များမှလည်း လာရောက်ဝယ်ယူကြောင်း၊ ယခုပေါက်ဈေးမှာ ဆား(၁)ပိဿာလျှင် လက်လီ (၁၀၀ဝိ/-)ကျပ်ရှိပြီး ဖောက်သည်‌ပေးရသည့်ဈေးမှာ ဆား (၁၃)ပိဿာလျှင် (၁၀၀၀ဝိ/)ဖြင့် ရောင်းရ ကြောင်း၊ ဆားချက်သည့်အိမ်တစ်အိမ်လျှင် တစ်ရက်ပိဿာ(၅၀)ခန့်ရောင်းရကြောင်း သိရှိရ ပါသည်။ သခွတ္တောကျေးရွာမှ ချက်လုပ်သည့်ဆား၏ဂုဏ်သတ္တိသည် အစိုဓါတ်ပြန်ခြင်းမရှိဘဲခြောက်သွေ့ခြင်း၊ ဖြူဖွေးသန့်စင်ခြင်း၊ နူးညံ့ခြင်းတို့ရှိသဖြင့် လူကြိုက်များပြီး ဝက်လက်တစ်နယ်လုံးတွင် သခွတ္တော ဆားကို အများဆုံး အသုံးပြုကြပါသည်။

အကျိုးကျေးဇူး

          ဘိုးဘွား၊မိဘများ၏ လက်ငုတ်လုပ်ငန်းဖြစ်သည့် ဆားချက်ခြင်းလုပ်ငန်းကိုလုပ်ကိုင်ရာတွင် အလွန်ပင်ပန်းသော်လည်း နေ့စဉ်ဝင်ငွေရသဖြင့် လယ်ယာစိုက်ပျိုးသည့်လုပ်ငန်းမှရရှိသည့်ဝင်ငွေ သည်အပိုဝင်ငွေဖြစ်ပြီး စီးပွားရေးအဆင်ပြေကြောင်း၊ ဆားချက်ခြင်းလုပ်ငန်းလုပ်ကိုင်ရသဖြင့် (၁၂)ရာသီလုံး မိသားစုတစ်စုလုံး၏ အိမ်စရိတ်ကိုထိန်းသည့်အပြင် အခြားသူများထံမချေးဌားရဘဲ အလှူအတန်းများကိုလည်း ပြုလုပ်နိုင်သဖြင့် များစွာအကျိုးရှိသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)