
ယခုလိုမိုးရာသီအချိန်တွင် တောထဲ၊ တောင်ထဲ၌ မျှစ်(ခေါ်)ဝါးအစို့ပေါက်များ ထွက်ပေါ်လာ နေပြီ ဖြစ်ပါသည်။ ထို့ကြောင့် ပြည်မြို့အနီးတဝိုက်ရှိ ဝါးတောရှိသော ကျေးရွာများတွင် မျှစ်အစို့ပေါက်များ ထွက်ပေါ်လာ၍ ပြည်မြို့ရှိ ဈေးများသို့ လာရောက်ရောင်းချလျက်ရှိပါသည်။ မျှစ်ကို ချက်ချင်းချိုး၍ မျှစ်စပ်၊ မျှစ်ပြုတ်စားသုံးနိုင်သကဲ့သို့ ကြာရှည်ခံအောင် မျှစ်ချဉ်၊ မျှစ်ခြောက်များ ပြုလုပ်၍လည်း စားသုံးကြပါသည်။ ပေါ်ကာစတွင် လူအချို့က ဝယ်ယူစားသုံး ကြသဖြင့် ဈေးနှုန်းများ မြင့်တက်လာခဲ့ ပါသည်။ နောက်ပိုင်း မျှစ်များ အထွက်လှိုင်လာချိန်တွင် ဈေးများပေါ်လာသဖြင့် လူတန်းစားမရွေး ဝယ်ယူစားသုံးကြပါသည်။ ဝါးအမျိုးမျိုးရှိသလို မျှစ်အမျိုးမျိုးလည်းရှိပြီး စားသုံးနိုင်သော မျှစ်မှာ အနည်းငယ်သာရှိပြီး ဝါးပိုးမျှစ်ကို အဓိကထား၍ စီးပွားဖြစ်ထုတ်လုပ်ရောင်းချကြပါသည်။ ဝါးပိုးမျှစ်ကို နှစ်စဉ်မိုးရာသီဖြစ်သော မေလမှ စ၍ စက်တင်ဘာလအထိ ထွက်ပေါ်လျက်ရှိပြီး ယခုပြည်ဈေးကွက်သို့ ယခုအချိန် ဇူလှိုင်လလယ်နှင့် နောက်ဆုံးပတ်မှ စ၍ မျှစ်စပ်၊ မျှစ်ချိုများ စတင်ရောင်းချနေပြီဖြစ်ပါသည်။ မျှစ်သည် လူအားအကျိုးပြုယုံသာမက မိသားစုစားသုံးရန် ဖူလုံဖို့အတွက် သဘာဝကဖန်တီးပေးသော ရာသီပေါ် သီးနှံတစ်မျိုးဖြစ်ပါသည်။ မျှစ်တွင် အာဟာရဓါတ်များစွာ ပါဝင်ပါသည်။ မျှစ်ကို အမျိုးမျိုးလုပ်၍ စားသုံးနိုင်ပြီး ငပိရည်နှင့်တို့စားတာ၊ ကြော်စားတာ၊ သုပ်စားတာတို့ ပြုလုပ်ကြပြီး မျှစ်ချဉ်ကိုလည်း ဝက်သား၊ ကြက်သား၊ ငါးတို့နှင့်ရော၍ အရည်သောက်ချက်စားကြသလို မျှစ်ခြောက်ကို အခြောက်လှမ်းထားပြီး စားချင်မှ ရေနွေးဖျော၍ သုပ်စားကြပါသည်။
ပြည်မြို့ရှိ ဈေးများထဲတွင် ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများဖြစ်သော မှော်ဇာ၊ တောင်လုံးညို၊ ပျင်းပင်ကိုင်းရွာနှင့် ပြည်မြို့အနောက်ဘက်ကမ်းရှိ ရွာများမှ မျှစ်များချိုးယူ၍ ရောင်းချကြပါသည်။ မျှစ်၏သဘာဝအရောင်းမှာ အဖြူရောင်ဖြစ်ပြီး မျှစ်အစိမ်းကို ပြုတ်လိုက်လျှင် ဝါကျင့်ကျင့်အရောင်ဖြစ်ပြီး စားသုံးသူများအနေဖြင့် သဘာဝအရောင်ကို ရွေးချယ်၍ ဝယ်ယူသုံးစွဲ သင့်ပါသည်။ ရောင်းချသူများအနေဖြင့်လည်း မျှစ်ကို ရောင်းတန်းဝင်အောင် သဘာဝ အရောင် မဟုတ်ဘဲ ဓါတုဆိုးဆေးများကို အသုံးမပြုဘဲရောင်းချလျှင် ကုသိုလ်လည်းရ ဝမ်းလည်းဝမှာ ဘဲဖြစ်ပါသည်။ ယခုအချိန်တွင် ဈေးကွက်တွင်ရောင်းချနေသော မျှစ်အမျိုးအစားများမှာ မျှစ်စပ်နှင့် မျှစ်ချိုများ ဖြစ်ပါသည်။ မျှစ်စပ်ဈေးမှာ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်နှင့် မျှစ်ချိုမှာ တစ်ပိဿာလျှင် (၅၀၀၀)ကျပ်ဖြင့် ပြည်မြို့ရှိဈေးများတွင်ရောင်းချလျက်ရှိပါသည်။
DOCA(ပဲခူး)