
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပဲဈေးကွက်တွင် ပြည်တွင်းစားသုံးမှု မြင့်မားလျက်ရှိသော စားတော်ပဲများ တက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်သို့ ကျွန်းစားတော်ပဲ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြစ်ခြေ၊ ကမ္မ၊ ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ကျောက်ထု၊ လောင်းရှည်ဒေသများနှင့် ပေါက်၊ ဆိပ်ဖြူမြို့မှ ထွက်ရှိသော စားတော်ပဲများ ပွဲရုံများသို့ နေ့စဉ် ဝင်ရောက်ကြောင်း၊ သီးနှံ(အသစ်)ပေါ်ချိန်တွင် ဈေးအေး၍အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပြည်တွင်းစားသုံးမှုများ၍ စားတော်ပဲဈေး တရိပ်ရိပ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိ ရသည်။
ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ပထမပတ်)တွင် စားတော်ပဲဈေး တရိပ်ရိပ် ဆက် လက်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ဒေသတွင်း ပဲလက်ကျန်နည်းပြီး စားသုံးမှုဝယ်လိုအားမြင့်မားလျက်ရှိ၍ ဈေးမြင့်တက်ကြောင်း၊ ကျွန်းစားတော်ပဲ တစ်တင်းလျှင် ကျပ် (၂၀၅၀၀၀-၁၈၅၀၀၀) ယောစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၆၅၀၀၀-၁၄၅၀၀၀)ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်ဇူလိုင်လ(ပထမပတ်)တွင် ကျွန်းစားတော်ပဲတစ်တင်းလျှင် ကျပ်(၁၈၀၀၀၀-၁၆၀၀၀၀)၊ ယော စားတော်ပဲ တစ်တင်းလျှင် ကျပ်(၁၃၀၀၀၀-၁၂၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ဈေးနှုန်း နှိုင်းယှဉ်ပါက (၁)လအတွင်း စားတော်ပဲတစ်တင်းလျှင် ကျပ် (၂၅၀၀၀)ခန့်ဈေးတက်လာကြောင်း သိရှိရသည်။ တောင်သူများတွင် ပဲလက်ကျန်နည်းခြင်းဖြစ်၍ ကုန်သည်များမှ ဝယ်ယူသိုလှောင် ထားရှိသော ပဲများအရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြည်တွင်းစားသုံးမှုအနေဖြင့် မြန်မာလူမျိုး များသည် စားတော်ပဲသီးနှံကို မြန်မာ့ရိုးရာအစားအစာအဖြစ် နေ့စဉ်စားသုံးခြင်းအပြင် လုပ်ငန်းရှင်များမှလည်း စားသောက်ကုန်မျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိ၍ တစ်နှစ်ပတ်လုံး စားသုံးသည့် သီးနှံတစ်မျိုးဖြစ်ပြီး ယခုအချိန်တွင် ဒေသတွင်းပဲလက်ကျန်နည်းပြီး ဝယ်လိုအားကောင်း၍ ပြည်တွင်းစားတော်ပဲ ဈေးကွက် စံချိန်တင်အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြာင်း သိရှိရသည်။
DOCA(မကွေး)