
ရှေ့လာမည့် အနီးကပ်ကာလတွင် ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှု နှေးကွေးကျဆင်းလာမှုနှင့် အတူ ဇီဝဒီဇယ်ဆီထုတ်လုပ်နိုင်ရန် ဝယ်လိုအားကြောင့် ပဲပုပ်ဆီများ ဈေးကွက်အတွင်း ရရှိလွယ်မှု နည်းပါးခြင်းတို့အရ စားအုန်းဆီဈေးနှုန်းများသည် တစ်တန်လျှင် ရင်းဂစ် ၄၃၀၀ (အမေရိကန် ဒေါ်လာ ၁၀၁၈) အထက်၌ တည်ရှိနိုင်ဖွယ်ရှိကြောင်း မလေးရှားစားအုန်းဆီကောင်စီ (MPOC) က ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် (အင်္ဂါနေ့) တွင် ပြောကြားခဲ့ပါသည်။
စားအုန်းဆီကြမ်းဈေးနှုန်းများသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက် (အင်္ဂါနေ့) ဂရင်းနစ် စံတော်ချိန် ၆ နာရီအထိ တစ်တန်လျှင် ရင်းဂစ် ၄၆၀၇ နှုန်း ရှိနေခဲ့သည်။ စားအုန်းဆီဈေးနှုန်း တည်တံ့ခိုင်မာမှုသည် ပြည်ပပို့ကုန်ဈေးကွက်တွင် ပဲပုပ်ဆီနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိမှုအပေါ် မူတည် မည်ဖြစ်ကြောင်း MPOC က ပြောကြားခဲ့သည်။ စားအုန်းဆီသည် ကမ္ဘာ့ ဟင်းသီးဟင်းရွက်ဆီ ဈေးကွက်ဝေစုအတွက် ပြိုင်ဆိုင်မှုရှိနေသောကြောင့် ပြိုင်ဖက်စားသုံးဆီများ၏ ဈေးနှုန်း အတက် အကျအပေါ် မူတည်လျက်ရှိသည်။
အမေရိကန်နိုင်ငံ၊ စိုက်ပျိုးရေးဌာနသည် ပဲပုပ်ဆီထုတ်လုပ်မှု၏ ထက်ဝက်ကျော်ကို ၂၀၂၆ ခုနှစ်တွင် ဇီဝဒီဇယ် ထုတ်လုပ်ခြင်းအတွက် ပြည်တွင်း၌ အသုံးပြုမည်ဟု ခန့်မှန်းထားကြောင်း၊ အမေရိကန်၏ ပဲပုပ်ဆီ တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၁.၁၅ သန်းရှိခဲ့ရာ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၃၁၀,၀၀၀ သာရှိနိုင်ပြီး တင်ပို့မှုကျဆင်းနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ဘရာဇီးနိုင်ငံသည် ဇီဝဒီဇယ်ထုတ်လုပ်ရာတွင် ပဲပုပ်ဆီကို ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ရောစပ်အသုံးပြုမှု တိုးလာသောကြောင့် ပဲပုပ်ဆီတင်ပို့မှု တိုးမြှင့်ရန် ရုန်းကန်ရနိုင်ကြောင်း၊ ရလဒ်အားဖြင့် ကမ္ဘာ့ ဈေးကွက်သည် ပဲပုပ်ဆီရှားပါးမှုကို ကာမိစေရေး အာဂျင်တီးနား၏ ပဲပုပ်ဆီ ရောင်းလိုအားအပေါ် ပိုမို မှီခိုလာရနိုင်ဖွယ်ရှိကြောင်းနှင့် ပို့ကုန်ရရှိနိုင်မှု တင်းကျပ်လာခြင်းက ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းများကို အထောက်အကူဖြစ်စေကြောင်း MPOC ကပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် ဇီဝဒီဇယ်၌ စားအုန်းဆီ ရောစပ်ပါဝင်မှုကို ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် စီစဉ်ထားသည့်အတွက် လက်ရှိ ၂၀၂၅ ခုနှစ်၌ ဇီဝဒီဇယ်အတွက် ဆီအုန်းလိုအပ်ချက်သည် တန်ချိန် ၁၃ သန်းရှိရာမှ ၂၀၂၆ ခုနှစ်တွင် တန်ချိန် ၁၆ သန်းအထိ မြင့် တက်လာမည်ဖြစ်သဖြင့် စားအုန်းဆီရောင်းလိုအားကို ပိုမိုတင်းကျပ်စေမည်ဖြစ်ကြောင်း MPOC က ထပ်လောင်းပြောကြားခဲ့သည်။
မလေးရှားကျွန်းဆွယ်၌ ထုတ်လုပ်မှုကျဆင်းခြင်းသည် ယခုနှစ် လက်ကျန်ကာလအတွင်း တစ်နိုင်ငံလုံး ထုတ်လုပ်မှု တိုးတက်ခြင်းကို အကန့်အသတ်ဖြစ်စေနိုင်သဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စားအုန်းဆီသိုလှောင်မှု ကြီးမားစွာတိုးတက်လာဖွယ်မရှိဟု MPOC က ခန့်မှန်းလျက်ရှိသည်။
အိန္ဒိယနိုင်ငံရှိ စားသုံးဆီတင်သွင်းသူများသည် ဒီပါဝလီပွဲတော်မတိုင်မီ သိုလှောင်မှုကို မြှင့်တင်လျက်ရှိသဖြင့် ၀ယ်လိုအားခိုင်မာနေမည်ဟု မျှော်လင့်ရပြီး အာဖရိကဒေသမှ ဝယ်လိုအား သည်လည်း တည်ငြိမ်နေမည်ဟု မလေးရှားစားအုန်းဆီကောင်စီ (MPOC) က ခန့်မှန်းထားကြောင်း သတင်းရရှိပါသည်။
Source: The Edge Malaysia, 19 Aug 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)