Main menu

ဖိလစ်ပိုင်က ဆန်တင်သွင်းမှုဆိုင်းငံ့ခဲ့သဖြင့် အစိုးရက ကူညီပေးရန် ဗီယက်နမ်ကုန်သည်များ တောင်းဆို

Powered by Drupal

     ပြည်တွင်းတောင်သူများကို ကာကွယ်ပေးရန်အတွက် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြည်ပမှ ဆန်တင်သွင်းမှုကို နှစ်လခန့်ဆိုင်းငံ့မည်ဖြစ်ကြောင်း ဖိလစ်ပိုင်အစိုးရက ကြေညာခဲ့ပြီး နောက် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကူညီထောက်ပံ့မှုများ ပြုလုပ် ပေးရန် ဗီယက်နမ်ကုန်သည်များက တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

    ဗီယက်နမ်၏ နှစ်စဉ် ဆန်တင်ပို့မှုတွင် ဖိလစ်ပိုင်သို့ တင်ပို့မှုသည် ၄၀-၄၅ ရာခိုင်နှုန်းရှိခြင်း ကြောင့် ယခုကဲ့သို့ ဆိုင်းငံ့မည့်ကြေညာချက်ထွက်ပေါ်လာခြင်းသည် ဗီယက်နမ်လယ်သမားများ၏ ဝင်ငွေကို တိုက်ရိုက်ထိခိုက်စေရုံသာမက ချုပ်ဆိုထားသည့်အရောင်းအဝယ် စာချုပ်များပျက်ပျယ် နိုင်ခြင်း၊ ကုန်လက်ကျန်ပမာဏများ မြင့်တက်လာနိုင်ခြင်း၊ တင်ပို့သူများအတွက် ငွေဖြစ်လွယ်မှု ဆိုင်ရာ ဖိအားဖြစ်စေနိုင်ခြင်း စသည်တို့ဖြစ်ပေါ်လာနိုင်ကြောင်း ဗီယက်နမ်စားသောက်ကုန် အသင်း ဥက္ကဋ္ဌ Đỗ Hà Nam က ပြောကြားခဲ့ပါသည်။

    ဩဂုတ်လတွင် ချုပ်ဆိုခဲ့သည့် အရောင်းအဝယ်စာချုပ်များသည် နှစ်လခန့် နှောင့်နှေး ကြန့်ကြာသွားနိုင်ကြောင်း၊ ထို့အပြင် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ ပြည်ပပို့ကုန်များအပေါ် အခွန် ၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခြင်းသည်လည်း တင်ပို့သူများ၏ လုပ်ငန်းလည်ပတ်မှု အရင်းအနှီး အပေါ် ထပ်မံဝန်ပိစေကြောင်း ၎င်းက ပြောဆိုခဲ့သည်။

  ဖိလစ်ပိုင်နိုင်ငံက ဆန်တင်သွင်းမှု ဆိုင်းငံ့ခြင်းကို ဖယ်ရှားပေးသည့် အချိန်အထိ ပို့ကုန် လုပ်ငန်းရှင်များ၏ ဆန်သိုလှောင်ထားရှိမှုကို ကူညီနိုင်ရန်အတွက် ဗီယက်နမ်အစိုးရအနေဖြင့် အတိုးနှုန်းသက်သာသည့် ချေးငွေ အစီအစဉ်နှင့် ချေးငွေသက်တမ်း တိုးမြှင့်ပေးသည့် အစီအမံများ ကို ဆောင်ရွက်ပေးရန် ဗီယက်နမ်စားသောက်ကုန်အသင်းက အဆိုပြုထားပါသည်။

 ထို့အပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ချုပ်ဆိုခဲ့ပြီး ၂၀၂၈ ခုနှစ် ကုန်ပိုင်းအထိ သက်ရောက် မှုရှိသည့် နှစ်နိုင်ငံ ဆန်ကုန်သွယ်မှုစာချုပ်အရ ဆန်တင်သွင်းမှု ရပ်ဆိုင်းထားချိန်အတွင်း တစ်စိတ် တစ်ပိုင်းတင်ပို့မှုများကို ထိန်းသိမ်းထားနိုင်ရန်အတွက် မည်သည့် ဆန်အမျိုးအစားများကို ယာယီ ကန့်သတ်သွားမည်ဆိုသည့် လမ်းညွှန်ချက်ရရှိရေး ဗီယက်နမ် အစိုးရအနေဖြင့် ဖိလစ်ပိုင် အာဏာပိုင်များနှင့် ပူးတွဲလုပ်ဆောင်ရန်လည်း အဆိုပြုထားသည်။

    ဖိလစ်ပိုင်မှ ဆန်တင်သွင်းမှုဆိုင်းငံ့ခြင်း အစီအစဉ်ကို ကြေညာပြီးနောက် ဩဂုတ်လအတွင်း ဖိလစ်ပိုင်ကုန်သည်များက ဆန်ဝယ်ယူမှု တိုးမြှင့်ခဲ့ရာ ဗီယက်နမ်၏ ဆန်ပို့ကုန်ဈေးနှုန်းများသည်လည်း မြင့်တက်လာခဲ့ကြောင်း၊ ဗီယက်နမ်တွင် ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သည့် ဆန်ဈေးနှုန်းသည် တစ်တန်လျှင် ဒေါ်လာ ၃၉၁ ဖြင့်အာရှတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး၊ ထိုင်းနှင့် ပါကစ္စတန်တို့ထက် ဈေးနှုန်းမြင့်မားလျက် အိန္ဒိယဆန်ထက် ၁၁ ဒေါ်လာ ပိုမိုခဲ့ကြောင်း၊ ရနံ့မွှေး ဆန်တစ်တန်လျှင် ဒေါ်လာ ၅၀၀ မှ ၅၁၀ အကြား ပေါက်ဈေးရှိပြီး၊ ပုံမှန်ထက် ၁၀-၁၂ ဒေါ်လာမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

  ဗီယက်နမ်နိုင်ငံ၌ နွေရာသီမှ ဆောင်းဦးရာသီကာလအတွင်း ရိတ်သိမ်းထွက်ရှိခဲ့သည့် ဆန်စပါး အများစုကို ရောင်းချခဲ့ပြီးဖြစ်ခြင်း၊ ရှေ့လာမည့်သီးနှံမှာလည်း ပြည်တွင်းစားသုံးရန် အတွက် အဓိကအထူးပြု စိုက်ပျိုးထုတ်လုပ်မှုသာဖြစ်ခြင်းတို့ကြောင့်  ဖိလစ်ပိုင်၏ ဆန်တင်သွင်းမှု ဆိုင်းငံ့ခြင်းသည် ဗီယက်နမ်ဆန်ဈေးကွက်အပေါ် သိသာသည့် သက်ရောက်မှုမဖြစ်ပေါ်နိုင်ဟု ကုန်သည်များက ပြောကြားထားပါသည်။

   ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် စားနပ်ရိက္ခာဖူလုံမှုရှိစေရေးအတွက် ပြည်ပမှတင်သွင်းမှုအပေါ် ကာလကြာ မှီခိုနေရဦးမည်ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်၌ ဒေါ်လာ ၂.၄၄ ဘီလီယံ တန်ဖိုးရှိသော ဆန်တန်ချိန် ၄.၇ သန်း တင်ပို့ခဲ့ရာ ပမာဏအားဖြင့် ၃.၈ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း တန်ဖိုးအားဖြင့် ၁၅.၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ အဆိုပါကာလအတွင်း ဖိလစ်ပိုင်ဈေးကွက်သို့ တင်ပို့မှုသည် ပမာဏအားဖြင့် ၄၄.၆ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၄၂.၆ ရာခိုင်နှုန်းပါဝင်လျက် ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန်ကို အများဆုံးဝယ်ယူသူအဖြစ် ရပ်တည်နေကြောင်း သိရှိရပါသည်။

Source : Vietnam News, Aug 18, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့