
အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sale) လုပ်ငန်းရှင်များ သိရှိလိုက်နာဆောင်ရွက်ရမည့် ဥပဒေလုပ်ထုံးလုပ်နည်းများအား အသိပညာပေးဟောပြောဆွေးနွေးပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့် အရာထမ်း၊ အမှုထမ်းများနှင့် ဖိတ်ကြားထားသော လုပ်ငန်းရှင်များ စုစုပေါင်း ၂၈ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်မှာ မြေပြင်စစ်ဆေးအတည်ပြုပြီး မှတ်ပုံတင်လက်မှတ် ရရှိထားသည့်လုပ်ငန်းရှင်များအား အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့် လုပ်ငန်းဆိုင်ရာ အမိန့်ကြော်ငြာစာများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား အသိပညာပေးရန် ဖြစ်ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်က စားသုံးသူကာကွယ်ရေးဆိုင်ရာကိစ္စရပ်များနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေနှင့်ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီး ဌာန၊ ရန်ကုန်တိုင်းဒေသကြီးမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးမြင့်အောင်က လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါခိုင်က ကုန်စည်အုပ်စုနှင့် ဝန်ဆောင်မှုအုပ်စု သတ်မှတ်ချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း ဆိုင်ရာလုပ်ငန်းများအတွက် မြေပြင် စစ်ဆေးခြင်းဆိုင်ရာအချက်အလက်များ၊ ရောင်းချမည့် ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် အချက်အလက်များစစ်ဆေးခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်း၊ စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့် တာဝန်များနှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA (ရန်ကုန်)