Main menu

ထောက်ပံ့ပို့ဆောင်ရေးချိတ်ဆက်မှုမြှင့်တင်မည့် ဗီယက်နမ်နှင့် တရုတ်လုပ်ငန်းများ

Powered by Drupal

     ဗီယက်နမ်နှင့် တရုတ်လုပ်ငန်းများသည် နှစ်ဖက်ကာဂိုဝန်ဆောင်မှုစွမ်းရည် အရှိန်မြှင့်တင်ရန်နှင့် အပြန်အလှန်ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်၍ တရုတ်နိုင်ငံ Shandong ပြည်နယ်ရှိ Weifang ဆိပ်ကမ်းနှင့် ဗီယက်နမ်နိုင်ငံ Tay Ninh ပြည်နယ်ရှိ Long An နိုင်ငံတကာဆိပ်ကမ်းကို တိုက်ရိုက်ချိတ်ဆက်မည့် “ ဆိပ်ကမ်းနှစ်ခု၊ လမ်းကြောင်းတစ်ခု” အမည်ရသည့် ပင်လယ် ရေကြောင်းသယ်ယူပို့ဆောင်ရေးစင်္ကြန်သစ်ကို တည်ထောင်ရန် သဘောတူညီခဲ့ကြကြောင်း သိရပါသည်။ Long An နိုင်ငံတကာဆိပ်ကမ်း (ဗီယက်နမ်)၊ SPG Bohaiwan ဆိပ်ကမ်းနှင့် Bohwa  Shipping တို့ကြားလက်မှတ်ရေးထိုးခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက် အောက်တွင် ၎င်းတို့သည် ဆိပ်ကမ်းလုပ်ငန်းလည်ပတ်မှု၊ ရေကြောင်းကုန်စည်သယ်ယူ ပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများတို့တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရန် ဆောင်ရွက်သွားမည်ဟု သိရပါသည်။ အဓိကဧရိယာများတွင် ကုန်စည်သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများ တိုးချဲ့ခြင်း၊ ကွန်တိန်နာနှင့် dry bulk ကာဂိုဝန်ဆောင်မှုများ စတင်ခြင်း၊ နိုင်ငံတကာကုန်စည် သိုလှောင်ခြင်းတွင်ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အကောက်ခွန် ခွင့်ပြုချက်၊ ဘဏ္ဍာရေးနှင့် အာမခံအစရှိသည့် ပံ့ပိုးသည့်ဝန်ဆောင်မှု ထောက်ပံ့ခြင်းတို့ ပါဝင်ကြောင်း သိရပါသည်။ အစီအစဉ်တွင် စက်ပစ္စည်းတင်ပို့ခြင်းနှင့် စိုက်ပျိုးရေးထုတ်ကုန် တင်သွင်းခြင်းတို့အတွက် အထူးထောက်ပံ့ ပို့ဆောင်ရာအချက်အခြာ တည်ထောင်ရန် ပါဝင်ကြောင်း သိရပါသည်။ ထိုလုပ်ငန်း ၃ ခုသည် စီးပွားရေးကုန်ကျစရိတ်များ အတွက် အကောင်းဆုံးအခြေအနေကိုရှာဖွေရန်၊ လုပ်ငန်းလည်ပတ်မှု စွမ်းရည်မြှင့်တင်ရန်နှင့် ဗီယက်နမ်နှင့် တရုတ်ကြား တည်ငြိမ်သောအစိမ်းရောင်ထောက်ပံ့မှု ကွင်းဆက်မြှင့်တင်ရန် ရည်ရွယ်၍ ဘက်ပေါင်းစုံထောက်ပံ့မှုကွင်းဆက်ဂေဟစနစ်တည်ထောင်မည်ဟု သိရပါသည်။ SPG Bohaiwan ဆိပ်ကမ်း၏ ဒုတိယအထွေထွေညွှန်ကြားရေးမှူး Cui Tiecheng က ထိုစီမံကိန်းသည် နှစ်နိုင်ငံကြား စီးပွားရေးနှင့် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု မော်ဒယ်တစ်ခုအဖြစ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး နှစ်နိုင်ငံလုံး၏ ဗျူဟာမြောက်ထုတ်ကုန်များ အား ကမ္ဘာလုံးဆိုင်ရာတင်ပို့မှုလွယ်ကူချောမွေ့စေမည်ဟု ပြောကြားခဲ့ပါသည်။ တစ်ချိန်တည်း မှာပင် Tay Ninh ပြည်နယ်ပြည်သူ့ကော်မတီ၏ဒုတိယဥက္ကဌဖြစ်သူ Huynh Van Son က ထိုရေကြောင်း သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတည်ထောင်ခြင်းသည် ကုန်သွယ်မှုမြှင့်တင်ရေး ကို အရှိန်မြှင့်တင်ပေးနိုင်ရုံသာမက ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များလျှော့ချရန်နှင့် ပြည်တွင်း လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရန်ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဗီယက်နမ် နိုင်ငံတောင်ပိုင်းတွင် ဗျူဟာမြောက်တည်ရှိသည့် Long An နိုင်ငံတကာဆိပ်ကမ်းသည် အရှေ့ တောင်ဒေသ၊ ဟိုချီမင်းမြို့တော်၊ မဲခေါင်ဒယ်တာဒေသနှင့် နိုင်ငံတကာရေကြောင်းသယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများ၏ အဓိကစီးပွားရေးဇုန်များကို ချိတ်ဆက်လျက်ရှိကြောင်း သိရပါ သည်။ ၎င်းသည် ဒေသ၏အဓိကထောက်ပံ့ပို့ဆောင်ရေး စင်တာများထဲတွင် ပါဝင်လျက်ရှိပြီး ဗီယက်နမ်နိုင်ငံတောင်ပိုင်းအတွက် အဓိကသင်္ဘောဖြင့် သယ်ယူပို့ဆောင်ရာအချက်အချာဖြစ်လာရန်ရှိပြီး Tay Ninh ပြည်နယ်နှင့် နိုင်ငံ၏စီးပွားရေး စဉ်ဆက်မပြတ်ကြီးထွားရေးတွင် ပူးပေါင်းပါဝင်လျက်ရှိကြောင်း သိရပါသည်။

 

Vietnam Plus

DOCA (ရန်ကုန်)