
ဆီမီးကွန်ဒတ်တာများနှင့် စွမ်းအင်အစရှိသည့် ဗျူဟာမြောက်ကဏ္ဍများတွင် တောင်ကိုရီးယားထံမှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများ အရှိန်မြှင့်တင်ရန်ကျင်းပ သည့် အစည်းအဝေးတွင် ဗီယက်နမ်ဒုတိယဝန်ကြီးချုပ် Nguyen Chi Dung က ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်များ၊ ဗီယက်နမ်ဥပဒေနှင့် မျှတသောအကျိုးစီးပွားအပေါ်အခြေခံ၍ ရှင်းလင်းသော အာမခံချက်များပြုလုပ်ရန် တောင်းဆိုခဲ့ကြောင်း သိရပါသည်။ ဒုတိယဝန်ကြီးချုပ် ထို စီမံကိန်းများသည် ဗီယက်နမ်၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် လာမည့်အချိန်တွင် ၎င်းတို့၏ရည်မှန်းချက် ဖြစ်သည့် ဂဏန်းနှစ်လုံးကြီးထွားမှုရရှိစေရန်အတွက် ကူညီပေးနိုင်မည်ဟု ပြောကြားခဲ့ပါသည်။ ဘဏ္ဍာရေး၊ အများပြည်သူလုံခြုံရေး၊ နိုင်ငံခြားရေးရာ၊ သိပ္ပံနှင့်နည်းပညာ နှင့် စက်မှုနှင့်ကုန်သွယ် ရေးဝန်ကြီးဌာနများမှ ခေါင်းဆောင်များနှင့် ဒေသများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့် ထိုအစည်းအဝေးသည် ကိုရီးယားရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ဆွဲဆောင်နိုင်ရန် မျှော်မှန်းရကြောင်း သိရပါသည်။ အဆိုပြုထားသည့် စီမံကိန်းများသည် တိုက်ရိုက်နှင့်သွယ်ဝိုက်အလုပ်အကိုင်ထောင် ပေါင်းများစွာကိုဖန်တီးနိုင်ပြီး ဗီယက်နမ်နှင့်တောင်ကိုရီးယားကြား အဆင့်မြင့်စီးပွားရေးပူးပေါင်း ဆောင်ရွက်နိုင်ရန် ကူညီပေးနိုင်မည်ဟု သိရပါသည်။ ဒုတိယဝန်ကြီးချုပ် Dung က သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အေဂျင်စီများနှင့် ဒေသအာဏာပိုင်များအား ထိုစီမံကိန်းများ၏ အရေးပါမှုကို သဘောတူ လက်ခံရန်နှင့် ထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် ရှင်းလင်းသောဥပဒေ မူဘောင်များနှင့် ပံ့ပိုးပေးရန် တိုက်တွန်းခဲ့ကြောင်း သိရပါသည်။ ထို့ပြင် Dung က ဝန်ကြီးဌာနများ နှင့် ကဏ္ဍများအား နည်းပညာလွှဲပြောင်းမှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုစင်တာများနှင့် လုပ်သားထုလေ့ကျင့်ခြင်းတို့ပါဝင်သည့် အဓိကကတိကဝတ်များရရှိရန် စီးပွားရေးလုပ်ငန်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်ပြောကြားခဲ့ကြောင်း သိရပါသည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီးဖြစ်သော ကြောင့် ဒေသအာဏာပိုင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုအတားအဆီးများကို သိမ်မွေ့စွာဖြေရှင်း ပေးရမည်ဖြစ်ပြီး ထိုမှသာ စီးပွားရေးလုပ်ငန်းများက ၎င်းတို့၏စီမံကိန်းများကိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေးလွယ်ကူစေမည်ဖြစ်ကြောင်း Dung ကဖြည့်စွက်ပြောကြားသွားကြောင်း သိရပါသည်။
Vietnam Plus
DOCA (ရန်ကုန်)