Main menu

ဗီယက်နမ်၏ ထိပ်တန်းတန်ဖိုးမြင့်ပို့ကုန် ၁၀ ခုထဲတွင် ပါဝင်နေသည့် လက်မှုပစ္စည်းများ

Powered by Drupal

      ဗီယက်နမ်၏လက်မှုပစ္စည်းများသည် နိုင်ငံ၏ထိပ်တန်းတန်ဖိုးမြင့်ပို့ကုန် ၁၀ မျိုးထဲတွင် ပါဝင်နေပြီး နိုင်ငံနှင့် ဒေသပေါင်း ၁၆၃ ခုတွင် တည်ရှိလျက်ရှိကြောင်း ဟနွိုင်းမြို့တွင် ကျင်းပခဲ့သည့် ကုန်သွယ်ရေးဖိုရမ်တွင် ပြောကြားချက်အရ သိရပါသည်။ ထိုဖိုရမ်သည် ဩဂုတ်လ ၃ ရက်နေ့ကကျင်းခဲ့သည့် ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုး(OCOP) ပို့ကုန်ပွဲတော်၏ တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း သိရပါသည်။ ဥရောပသမဂ္ဂ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ ပါဝင်သည့် ဝယ်လိုအားမြင့်မားသည့်ဈေးကွက်များသို့ ထိုးဖောက်နိုင်ခဲ့သည့် အောင်မြင်မှုက လက်မှုပစ္စည်းလုပ်ငန်းနယ်ပယ်၏ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းနှင့် ပေါင်းစပ်ဆောင်ရွက်နိုင်မှု စွမ်းရည်ကို ပြသနေကြောင်း စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဗီယက်နမ်ကုန်သွယ် မှုမြှင့်တင်ရေးအေဂျင်စီ၏ ဒုတိယညွှန်ကြားရေးမှူး Le Hoang Tai က ပြောကြားခဲ့ပါသည်။ သို့သော်လုပ်ငန်းနယ်ပယ်သည် ထုတ်ကုန်အရည်အသွေးအပေါ် ကမ္ဘာလုံးဆိုင်ရာလိုအပ်ချက်များ တင်းကျပ်မှုမြင့်တက်လာခြင်း၊ အလုပ်သမားစံနှုန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်း၏ တုံ့ပြန်မှုတို့ပါဝင်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရပါသည်။ ထို့ပြင် ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ပီရူးအစရှိသည့် အတွေ့အကြုံရင့် လက်မှုပစ္စည်းထုတ်လုပ်သည့် နိုင်ငံများထံမှ ပြင်းထန်သောယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း သိရပါသည်။ အကောက်ခွန်မဟုတ်သည့်အတားအဆီးများနှင့် နည်းစနစ်စံနှုန်းများမြင့်တက်လာခြင်းက ဗီယက်နမ်တင်ပို့သူများအတွက် ယှဉ်ပြိုင်နိုင်စွမ်းဆက်လက်ထိန်းသိမ်းနိုင်ရန် ဆန်းသစ်တီထွင်မှု များပြုလုပ်ရန်လိုအပ်လျက်ရှိကြောင်း သိရပါသည်။ Tai က တင်ပို့မှုတိုးချဲ့ရန်အတွက် ထုတ်လုပ်သူများအား အဓိကကမ္ဘာ့ကုန်စည်ပြပွဲများတွင် ပါဝင်ဆင်နွှဲစေခြင်းအားဖြင့် ပံ့ပိုးပေးသွားမည်ဟု ပြောကြားခဲ့ပါသည်။ ပံ့ပိုးမှုတွင် ဈေးကွက်အမြင်များ၊ နည်းစနစ်အတားအဆီးသတိပေးချက်များနှင့် စားသုံးသူသဘောကျမှုဦးတည်ရာတို့လည်း ပါဝင်ကြောင်း သိရပါသည်။ ဗီယက်နမ်လက်မှု လုပ်ငန်းရွာများအသင်း၏ ဥက္ကဌ Trinh Quoc Dat က လက်မှုပစ္စည်းလုပ်ငန်းနယ်ပယ်သည် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ကြမ်းပစ္စည်းဧရိယာများစီစဉ်ခြင်း၊ မူရင်းအသိအမှတ်ပြုလက်မှတ်များ၊ လူငယ်ပညာရှင်များကို အားတက်စေမည့်မက်လုံးများ၊ ဆန်းသစ်တီထွင်မှုနှင့် သဘာဝပတ်ဝန်းကျင်နှင့်သင့်လျော်သောအလေ့အထတို့ပါဝင်သည့် ဖြေရှင်းချက်များစွာ ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဟနွိုင်းမြို့တော်စက်မှုနှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Nguyen Anh Duong က လက်မှုပစ္စည်းလုပ်ငန်းသည် တည်ငြိမ်သော တန်ဖိုးကွင်းဆက်၊ ကုန်ကြမ်းပစ္စည်း၊ ကုန်သွယ်မှုမြှင့်တင်ခြင်းနှင့် အပြောင်းအလဲမြန်ဆန်သော ဈေးကွက်သို့စဉ်ဆက်မပြတ်တင်ပို့ခြင်းတို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

Vietnam Plus

DOCA (ရန်ကုန်)