
အေးမြကြည်လင်ခြင်းကိုကိုယ်စားပြုသော ကြာပန်းလေးသည် ဇူလိုင်လ၏ရာသီပန်းဖြစ် သည်။ မြန်မာလို သီတင်းကျွတ်လ၏ရာသီပန်းသည် ကြာပန်းဖြစ်သည်။ လမြတ်ဝါဆိုလမှစ၍ ကြီးမြတ်သောကြာပန်း မျိုးစုံပွင့်လန်းသည့်ရာသီဖြစ်သည်။ ကြာပန်း၏ အဓိပ္ပာယ်သည် “ချစ်ခြင်းမေတ္တာ၊ အသစ်ပြန်လည်စတင်ခြင်းနှင့် မျှော်လင့်ခြင်း” တို့ကို ကိုယ်စားပြုပါသည်။ ကြာမျိုးစုံအနက် ကုမုဒြာကြာသည် မြေပြင်မှစိုက်၍ ရှင်သန်သောပန်းဖြစ်ပြီး ညအခါ လရောင်ဖြာမှသာ ပွင့်သောပန်းမို့ ညဧကရီပန်းဟူ၍လည်း တင်စားခေါ်ကြသည်။ ရေတွင် ပေါက်သောကြာပန်းမျိုးနွယ် မဟုတ်ဘဲ မြေစိုက်ကြာပန်းမျိုးနွယ်ဖြစ်သည်။ နဂါးမောက်ပင် အနွယ်သေးပင်နှင့် ဆင်တူပါသည်။ ကုမုဒြာကြာပန်းသည် အဖြူရောင်၊ ပန်းရောင်ဟူ၍ ရှိသည်။ လပြည့်ဝန်းကျင်ကာလ လထွက်ချိန်တွင်ပွင့်သောပန်းဖြစ်ပြီး နံနက်နေထွက်ချိန်တွင်ညှိုးသွား ပါသည်။ ကုမုဒြာကြာပန်း၏ ရနံ့က လူတွေ၏စိတ်ကိုဖမ်းစားနိုင်စွမ်းရှိပြီး ညအခါလသာသာမှ သာ ကြည့်ရှုခံစားနိုင်သည်။ ကုမုဒြာကြာပန်းပင်များကို အလှပန်းပင်အဖြစ် နှစ်သက်မြတ်နိုးစွာ စိုက်ပျိုးမှုများရှိလာပါသည်။ အခြားသောတွေ့နေမြင်နေကျ ပန်းပင်များ နှင့်မတူ တမူထူးခြားစွာ ညမှသာပွင့်သောပန်းမို့ စိတ်ဝင်စားမှုရှိလာကြသည်။ ရှမ်းပြည်နယ်၊ ပြင်ဦးလွင်ဒေသနှင့် မိုးကုတ် ဒေသများဖြစ်သော အေးပြီး မိုးများသောဒေသများတွင် ပိုမိုဖြစ်ထွန်းပါသည်။ ပန်းပျိုးပင် ဈေးကွက်တွင် ကုမုဒြာကြာ ပန်းပျိုးပင် တစ်ပင်လျှင် (၅၀၀၀,၁၀၀၀၀) ကျပ်ဖြင့် ရောင်းချလျက် ရှိကြောင်း သိရှိရပါသည်။
DOCA (မန္တလေး)