
ဇရစ်ရိုးပင်များသည် ကျေးရွာများတွင် စမ်းချောင်းငယ်များ၊ စိုစွတ်သောမြေများတွင် ဇရစ် ရိုးပင်များ လှိုင်လှိုင်ပေါများစွာပေါက်ရောက်ပါသည်။ ဇရစ်ရိုးပင်သည် အဆူးရှိသောအပင်တစ်မျိုး ဖြစ်သည်။ ဇရစ်ရိုးပင်များသည် မိုးရာသီတွင် ပေါများစွာပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါ သည်။ ကျေးလက်ဒေသများတွင် နှစ်ခြိုက်သည့်ဟင်းလျာများတွင် ဇရစ်ရိုးလည်းပါဝင်သည်။ ဇရစ်ရိုးများကို ကြော်စားချက်စား ၊ အချဉ်ဟင်းချက်စား၊ သနပ်လုပ်စားကြပါသည်။ ငါးနှင့် ချက်စား၍စားကောင်းသလို မိုးရာသီနှင့် အလွန်လိုက်ဖက်သော ဟင်းလျာများဖြစ်ကြပါသည်။ ဇရစ်ရွက်ကို ချက်စားပေးပါက ချွဲ၊ သလိပ်ထသောရောဂါ၊ ပန်းနာရောဂါတို့ကို သက်သာစေကာ အိပ်မပျော်သူကို အိပ်ပျော်စေနိုင်ပါသည်။ ဇရစ်ရွက်ကို သုပ်စားပေးခြင်းအားဖြင့်လည်း လည်ချောင်းနာဝေဒနာကိုသက်သာစေပါသည်။ ဇရစ်ပင်၏ အရွက်နှင့်ရိုးတံကို အမျိုးမျိုးအဖုံဖုံ နှုတ်မြိန်စေရန် နေရာဒေသအလိုက် အခြားသော ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ပုစွန်တို့ဖြင့် ရောနှော၍လည်း ချက်ပြုတ်စားကြပါသည်။ ယခုလိုမိုးရာသီအချိန်မှာ ဇရစ်ရိုးများ စတင်ပေါ်ထွက်လျှက်ရှိပြီး ဈေးကွက်အတွင်း၌ ဇရစ်ရိုး တစ်စည်းလျှင် (၅၀၀/၁၀၀၀)ကျပ် ဈေးနှုန်းများဖြင့် ရောင်းချလျှက်ရှိကြောင်းဈေးကွက်အတွင်းမှသိရှိရပါသည်။
DOCA (မန္တလေး)