
ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး၊ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စျေးကွက်စောင့်ကြည့်စစ်ဆေး ခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိရာ သြဂုတ်လ (၁၂)ရက်နေ့တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်းပြီး ကျောက်ဆည်မြို့ ၊ အေးမြကြည်လင်စျေးအတွင်းရှိ ငရုတ်သီးမှုန့်၊အရောင်တင်မှုန့်၊နနွင်းမှုန့် အရောင်းဆိုင်နှင့်မျှစ်ရောင်းချသည့်ဆိုင်များသို့သွားရောက်၍ စျေးကွက်စောင့်ကြည့် စစ်ဆေး ခဲ့ပါသည် ။ ထိုသို့စစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိများက ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့်နှင့်မျှစ်ဆိုင်များအနေဖြင့် မိမိတို့ရောင်းချသော ကုန်ပစ္စည်းများတွင် ဓါတုဆိုးဆေး များပါဝင်သောပစ္စည်းများအား ရောင်းချခြင်းမပြုရန်နှင့် ၄င်းဆိုးဆေးများပါသည့်အစား အစာများအား စားသုံးသည့် စားသုံးသူ ပြည်သူများအား ဘေးအန္တရာယ်ဖြစ်စေနိုင်ပြီး ကင်ဆာရောဂါ အထိဖြစ်ပွားနိုင်ပါကြောင်း၊ငရုတ်သီးမှုန့်ရောင်းချသည့်ဆိုင်များအနေဖြင့် မှိုများပါဝင်သည့် ငရုတ်သီး များအား ကြိတ်ခွဲရောင်းချခြင်းမပြုရန်နှင့်သန့်ရှင်း လတ်ဆတ်သော ငရုတ်သီးများ အားအသုံးပြုပြီး ရောင်းချရန်လိုအပ်ကြောင်း ၊ ယခုအချိန်သည် မိုးတွင်းကာလဖြစ်သောကြောင့် ငရုတ်သီးမှုန့်များတွင် အသည်းကိုထိခိုက်စေနိုင်သော အာဖလာတော့ဆင် မှိုပေါက်ဖွားနှုန်း များပြားသောကြောင့် ငရုတ်သီးမှုန့်များ ရောင်းချရာတွင် အထူးဂရုပြုရောင်းချရန် လိုအပ်ကြောင်း စသည့်အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)