
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ယခုလို မိုးတွင်းကာလတွင် တောင်ပေါ်ဒေသနှင့် တောင်တန်းများတွင် မျှစ်များထွက်ပေါ်လျက်ရှိရာ မြစ်သား မြို့နယ်၊ ရွာခိုင်ကြီကျေးရွာနှင့် မြင်းရွာကြီးကျေးရွာ၊ ကျောက်ဆည်မြို့နယ်တွင် ကျောက်ဖျာရွာ၊ ကင်းရွာများတွင် မျှစ်များဖြိုင်ဖြိုင်ထွက်ရှိလျက်ရှိပါသည် ။ မျှစ်များကို ရွှေတောင်ဦးတောင်နှင့် ဆင်ဂေါင်းတောင်အနီးတဝိုက်ရှိ ဝါးပင်ပေါက်ရောက်ရာ တောများသို့ သွားရောက် ချိုးယူ၍ ရောင်းချလျက်ရှိရာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေများရရှိကြောင်း၊ ယခင်နှစ် မျှစ်စိမ်းဈေးနှုန်း အနေဖြင့် တစ်ပိဿာလျှင် (၁၂၀၀/-)ကျပ်ဖြင့် ရောင်းချခဲ့ရပြီး ၊ ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် မျှစ်စိမ်းတစ်ပိဿာလျှင် (၁၈၀၀/-)ကျပ်ထိ ရောင်းချခဲ့ရသောကြောင့် မျှစ်ချိုး ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း၊ တစ်ရက်လျှင်လူတစ်ဦး မျှစ်စိမ်း(၁၀/၁၅)ပိဿာခန့် ချိုးယူ၍ရကြောင်း၊ ချိုးယူလာသော မျှစ်များကို မျှစ်ဒိုင်သို့ သွင်း၍ရောင်းချလျက်ရှိကြောင်း ၊ မျှစ်ဒိုင်များမှတစ်ဆင့် မျှစ်များကို ပြုတ်၍ နီးစပ်ရာဈေးနှင့် ဆိုင်ကယ် ကယ်ရီသမားများသို့ ပြန်လည်ရောင်းချကြကြောင်း၊ မျှစ်ပြုတ်တစ်ပိဿာလျှင် လက်ကား (၂၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးပြီး၊ လက်လီတစ်ပိဿာလျှင် (၂၅၀၀/-)ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း၊ မျှစ်ကို အတို့အမြုပ်အဖြစ် စာသုံးကြသလို အချဉ်ရည်ဟင်း၊ စားတော်ပဲ နှင့် မျှစ်ကြော်တို့ကိုလည်း စားသုံးကြကြောင်း ၊ ရေရှည်စားသုံးရန် အတွက် မျှစ်များကို အခြောက်ခံ၍ သိမ်းဆည်းထားကြောင်း၊ မျှစ်စားသုံးခြင်းဖြင့် အူလမ်းကြောင်းကို ကောင်းမွန်စေပြီး ဝမ်းချုပ်မှုကို ကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။
DOCA(မန္တလေး)