Main menu

“နွေစပါးရိတ်သိမ်းမှုနှင့်စျေးကွက်အခြေအနေ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင် သော ဒေသတစ်ခုဖြစ်သည့် အလျောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိက အသက်သွေး ကြောဖြစ်သော စပါးသီးနှံကိုလည်း စိုက်ပျိုးကြပါသည်။ နွေစပါး  စိုက်ပျိုးမှုအနေဖြင့် ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်၊ ကျောက်ဆည် မြို့နယ်တွင် (၄၉၃၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၈၉)ဧက နှင့် မြစ်သားမြို့နယ်တွင် (၂၀၁၁၀)ဧက စုစုပေါင်း စိုက်ဧက (၂၆၁၃၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး  ကျောက်ဆည် မြို့နယ်တွင် (၄၉၃၂)ဧက၊ စဉ့်ကိုင်မြို့နယ်တွင်(၁၀၈၉)ဧက နှင့် မြစ်သားမြို့နယ်တွင် (၉၃၁၀)ဧက စုစုပေါင်း စိုက်ဧက (၁၅၃၃၁)ဧက ရိတ်သိမ်းပြီးကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများ အရသိရှိရသည်။  နွေစပါးသည် မိုးစပါးထက် သက်တမ်းပိုရှည်ကြောင်း ၊ စပါးစိုက်ပျိုးမှုအနေဖြင့် ပတ်ကြဲစိုက်ပျိုးမှုများရှိသလို ပျိုးနုတ်၍ စိုက်ပျိုးကြသူများလည်းရှိကြောင်း ၊ စပါးမျိုးအနေဖြင့် မနောသုခ စပါးမျိုးများကိုသာ အများဆုံး စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ နွေစပါးကို မတ်လတွင် စတင်စိုက်ပျိုးကြပြီး  ယခုအချိန်တွင် နွေစပါးများ ဖြိုင်ဖြိုင်ရိတ်သိမ်းလျှက်ရှိကြောင်း ၊ နွေစပါး စိုက်ပျိုးမှု(၁)ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊လုပ်သားခအပါအဝင်(၉၃၀၀၀၀/-)ကျပ် ကုန်ကျကြောင်း၊ စပါးအထွက်နှုန်းအနေဖြင့် (၁)ဧကလျှင် (၈၀-၈၅)တင်း ဝန်းကျင် ခန့်ထွက်ရှိပြီး အကျိုးအမြတ်အနေဖြင့်(၅၀၀၀၀၀/-)ကျပ်ဝန်းကျင်ရရှိကြောင်း တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ ယခုအချိန်တွင် နွေစပါးများစတင်ထွက်ပေါ်နေပြီး စပါးစျေးနှုန်းများမှာ ဧရာပဒေသာ(ဟောင်း) တင်း(၁၀၀)လျှင်(၂၈၀၀၀၀၀/-)ကျပ်၊ မနောသုခတင်း(ဟောင်း) (၁၀၀) လျှင်(၂၁၀၀၀၀၀/-)ကျပ်ဖြစ်ပြီး ယခုလက်ရှိ နွေစပါးအသစ် မနောသုခ တင်း(၁၀၀)လျှင် (၁၇၀၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိပြီး၊ ဆန်စျေးနှုန်းအနေဖြင့် ဧရာပဒေသာဆန်(ဟောင်း)  တစ်အိတ်လျှင်(၁၃၅၀၀၀/-)၊ မနောသုခ(ဟောင်း) ဆန် တစ်အိတ်လျှင်(၉၂၀၀၀/-) ကျပ်၊ မနောသုခ (သစ်) ဆန်တစ်အိတ်လျှင် (၇၅၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း ကုန်သည်ပွဲစားများ ထံမှသိရှိရပါသည်။

DOCA(မန္တလေး)