
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ပထမပတ်တွင် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီး Nguyen Minh Vu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ကမ္ဘောဒီးယားနိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်များသို့ လာရောက်လည်ပတ်စဉ် ဗီယက်နမ်နိုင်ငံမှ ကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့် လုပ်ဆောင်ရန်စီစဉ်လျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယား အရှေ့မြောက်ပိုင်းဒေသတွင် လုပ်ကိုင်နေသော ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အဆိုပါကိုယ်စားလှယ်အဖွဲ့လာရောက်လည်ပတ်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ သံအမတ်ကြီး Nguyen Minh Vu က ဗီယက်နမ်ရင်းနှီးမြှုပ်နှံမှု များအထူးသဖြင့် ရော်ဘာကဏ္ဍမှပံ့ပိုး ကူညီမှုများနှင့် ဗီယက်နမ်အသိုင်းအဝိုင်း၏ ပေါင်းစည်းမှုအား ပံ့ပိုးကူညီမှုပေးခဲ့သည့် ဒေသအာဏာပိုင်များအား ကျေးဇူးတင်ရှိကြောင်း၊ ၂၀၂၅-၂၀၂၈ ခုနှစ်အတွင်း အရှေ့မြောက်ပိုင်းဒေသတွင် ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရန် ကမ္ဘောဒီးယား၏ အထူးအစီအစဉ်အရ ရင်းနှီးမြှုပ်နှံမှုမက်လုံးများ ရရှိရေးအပါအဝင် လုပ်ငန်းများ တိုးချဲ့ရေးအတွက် ဆက်လက်ပံ့ပိုးပေးရန် တိုက်တွန်းခဲ့သည်။ အဆိုပါခရီးစဉ်တွင် ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ပြည်နယ်(၃) ခုရှိ ဗီယက်နမ် လုပ်ငန်းရှင်များအား စိန်ခေါ်မှုအခြေနေများတွင် ခံနိုင်ရည်ရှိမှုနှင့် အလုပ်အကိုင်ဖန်တီးရေးနှင့် လူမှုရေးအစီအစဉ်များတွင် ၎င်းတို့၏အခန်းကဏ္ဍကို ချီးကျူးစကားပြောကြားခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် ထိပ်တန်းရင်းနှီးမြှုပ်နှံသည့် နိုင်ငံတစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ် အကုန်အထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) သည် ကန်ဒေါ်လာ ၂.၆၂ ဘီလီယံ အထိရှိခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)