Main menu

ကနီမြိုနယ် အရှေ့ဘက်ခြမ်းဒေသများ၌ မိုးမြေပဲများ လှိုင်လှိုင်ထွက်ပေါ်

Powered by Drupal

     ကနီမြို့နယ် အရှေ့ဖက်ခြမ်းဒေသများဖြစ်ကြသည့် ကနဲ၊ ဝယာ၊ အင်းလယ်ချောင်၊ နတ်ကြီး၊ ရွာသာ၊ ဆူးလေကုန်းနှင့် မိုးကောင်းကျေးရွာများတွင် မေလဆန်းပိုင်က စိုက်ပျိုးခဲ့သည့် မိုးမြေပဲများ လှိုင်လှိုင်ထွက်ပေါ်လျှက်ရှိကြောင်း ဒေသခံတောင်သူများထဲမှ  သိရှိရသည်။ မိုးမြေပဲ(ခေါ်) ကုန်းပဲများကို မေလပထမပတ်အတွင်း ရွာသွန်းခဲ့သည့်မိုးဖြင့် စိုက်ပျိုးခဲ့ကြပြီး ယခုနှစ်တွင် မိုးပုံမှန်ရွာသွန်း ဖြိုးခဲ့သည့်အတွက် ယခင်နှစ်ကထက် အထွက်နှုန်းကောင်းမွန်ခဲ့ကြောင်းလည်း သိရသည်။

    ချင်းတွင်မြစ်အရှေ့ဖက်ခြမ်းဒေသများသည် မိုးမြေပဲများကို နှစ်စဥ် ဧက (၃၀၀၀) ဝန်းကျင် ပုံမှန်စိုက်ပျိုးကြကြောင်း၊ ကုန်းစိုက်မြေပဲများဖြစ်သည့်အတွက် မိုးရေကိုမှီတင်နေရကြောင်း၊ မိုးပုံမှန် ရွာသည့်နှစ်များတွင် မြေပဲအထွက်နှုန်းကောင်းမွန်ကြောင်း၊ ယခုနှစ်တွင် ပုံမှန်စိုက်ပျိုးနေသည့်ဒေသ မျိုး (စပိန်)များအစား ရေဆင်းမျိုး မျိုးကိုပြောင်းလဲစိုက်ပျိုးလာခဲ့ကြသည့်အတွက် အထွက်နှုန်းရော အရည်အသွေးပါကောင်းမွန်ခဲ့ကြောင်း၊ ယခင်နှစ်က မိုးရွာသွန်းမှုနည်းပါးခဲ့သလို မျိုးကွာခြားမှု ကြောင့်လည်း အထွက်နှုန်းထိခိုက်လျော့နည်းခဲ့ကြောင်း၊ ယခင်နှစ်က မိုးမြေပဲတစ်ဧက တင်း(၂၅) တင်း ခန့်သာ ထွက်ရှိခဲ့သော်လည်း ယခုနှစ်တွင် တစ်ဧကတင်း(၅၀-)အထိ ထွက်ရှိခဲ့ပြီး မြေပဲ အလုံး၊ အဆံ လှပသည့်အပြင် ဆီထွက်နှုန်းပါကောင်းမွန်ကြောင်း၊ ယခုနှစ်မိုးမြေပဲ အတောင့်(၁၀)တင်းခွဲပါက မြေပဲအဆံ(၃)တင်းထွက်ရှိကြောင်း လက်ရှိဒေသတွင်း၌ မြေပဲအတောင့်တစ်တင်းကို (၂၅၀၀၀ိ/-)ဖြင့် ဝယ်ယူမှုများရှိနေကြောင်း၊ တောင်သူအများစုမှ ထွက်ရှိသည့်မြေပဲများကို ဒေသတွင်းရှိမြေပဲခွဲစက်များတွင်ကြိတ်ခွဲပြီး မုံရွာဈေးကွက်သို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ယခုနှစ် မိုးမြေပဲစတင် စိုက်ပျိုးစဥ်ကလည်း ရာသီဥတုကောင်းပြီး မိုးပုံမှန်ရွာသွန်းခဲ့သည့်အတွက် မိုးမြေပဲအထွက်ကောင်းခဲ့ သလို ဈေးကောင်းလည်းရရှိခဲ့သည့်အတွက် မိုးမြေပဲစိုက်တောင်သူများ တွက်ခြေကိုက်မှုရှိကြောင်း ဒေသခံတောင်သူများ၏ ပြောပြချက်အရ သိရှိရပါသည်။

    ယခုလက်ရှိ မုံရွာကုန်စည်ဒိုင်ဈေးကွက်အတွင်း၌လည်း ဒေသအစုံမှမိုးမြေပဲများ ပုံမှန်ဝင်ရောက် လျှက်ရှိကြောင်း၊ ပြီးခဲ့သည့်အပတ်က မြေပဲဆီဆံအဖြူ တစ်ပိဿာ (၅၂၀၀ိ/-) ပေါက်ဈေးရှိခဲ့ရာမှ ယခုအပတ်တွင် မြေပဲဆီဆံအဖြူ တစ်ပိဿာ (၆၀၀၀ိ/-)ပေါက်ဈေးရှိခဲ့သည့်အတွက် ဈေးနှုန်း အနည်းငယ် ပြန်လည်းမြင့်တက်ခဲ့ကြောင်း ဒေသတွင်းဆီစက်များနှင့် ကျွန်းစိုက်တောင်သူများ မျိုးပဲအဖြစ် ဝယ်ယူမှုများရှိနေသည့်အတွက်တစ်ရက် အိတ်(၅၀၀)ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)