Main menu

ယခုနှစ် မိုးကြက်သွန်နီ (မိတ်ထောင်) စိုက်ဧကများ ယခင်နှစ်ကထက် တိုးတက်လာနိူင်ဖွယ်ရှိ

Powered by Drupal

     မုံရွာမြို့တဖက်ကမ်း ဆားလင်းကြီးမြို့နယ်ရှိ လက်ပန်တောင်းအုပ်စု ၊ တုံအုပ်စုနှင့် ထန်းဇင် အုပ်စုရှိကျေးရွာမှာ နှစ်စဥ်ဆောင်ကြက်သွန်နီကို အဓိကထားစိုက်ပျိုးကြသည့်ဒေသများဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ယခုနှစ် ရာသီကုန်ခါနီးလက်ကျန် ကြက်သွန်နီများ ဈေးကောင်းရရှိနေပြီး ဒေသတွင်းဈေးကွက်လက်ကျန်မှလည်း တဖြေးဖြေးလျော့နည်းလာသည့်အတွက် လာမည့်မိုးကြက်သွန် ပေါ်ချိန်ဈေးကောင်းရနိုင်မည့်မျှော်လင့်ချက်ဖြင့် ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံတောင်သူများထံမှသိရှိရပါသည်။

      မိုးကြက်သွန်နီ (ဥစိုက်)များကိုဒေသအခေါ် မိတ်ထောင်ကြက်သွန်နီဟုလည်း ခေါ်ဆိုကြောင်း သိရှိရပါသည်။ မိတ်ထောင်ကြက်သွန်နီသည် စိုက်ပျိုးရလွယ်ကူပြီး ကုန်ကျစရိတ်သက်သာခြင်း၊ အချိန်တိုအတွင်းထွက်ရှိသည့်အတွက် ငွေပေါ်လွယ်ခြင်း၊ ဈေးကွက်လက်ကျန်နည်းပါးချိန်တွင် ထွက်ပေါ်သည့်အတွက် ဈေးကောင်းရရှိခြင်း၊ ကြာရှည်စွာသိုလှောင်မထားရဘဲ တူးတူးဖော်ဖော် ရောင်းချရသည့်အတွက် အလေးချိန်တိုးကာ အထွက်နှုန်းပိုမိုရရှိသည့်အတွက် တွက်ချေကိုက်မှုရှိ ခြင်းများကြောင် တောင်သူများပိုမိုစိုက်ပျိုးလာခြင်းဖြစ်ကြောင်း မိုးကြက်သွန်စိုက်တောင်သူ ဦးညီ အောင်၏ သုံးသပ်ပြောပြချက်အရ သိရှိရပါသည်။

      မိုးကြက်သွန် မျိုးဥများကို ဒေသတွင်းမှထွက်ရှိသည့် ဆောင်းကြက်သွန်နီ လက်ကျန်များမှ ဥအသေးများကို ရွေးချယ်ကာ မျိုးဥအဖြစ်စိုက်ပျိုးကြကြောင်း၊ လက်ရှိမျိုးဥတစ်ပိဿာကို (၁၅၀၀ိ/-) ပေါက်ဈေးရှိပြီး ယခင်နှစ်ကထက် တစ်ပိဿာ(၇၀၀ိ/-)မြင့်တက်ခဲ့ကြောင်း၊ အချို့တောင်သူများမှ ပခုက္ကူဒေသမှ ဇော်မွှားမျိုး(ဥသေး)များကို တစ်တင်း(၃၀၀၀၀ိ/-)ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်းလည်း သိရသည်။ မိုးကြက်သွန်တစ်ဧကလျှင် မျိုးဥပိဿာ(၂၅၀)မှ(၃၀၀)အထိ အသုံးပြုရကြောင်း၊ လက်ရှိတွင် သွင်းအားစုမြေသြဇာ ဈေးနှုန်းများမြင့်တက်နေသည့်အတွက် သဘာဝမြေသြဇာဖြင့် တွဲဖက်အသုံးပြု နေရကြောင်း၊ ပိုးသတ်ဆေး၊ မှိုဆေးများကိုလည်း ရာသီဥတုအခြေအနေပေါ် မူတည်ပြီးအသုံးပြု နေရကြောင်း၊ ဆောင်းစိုက်ကြက်သွန်နီထက် ရေသွင်းစရိတ်သက်သာကြောင်း၊ ယခုနှစ်မိုးကြက်သွန် တစ်ဧကကုန်ကျစရိတ်မှာ(၈)သိန်းဝန်းကျင်ခန့် ကုန်ကျမည်ဟုခန့်မှန်းထားကြောင်း၊ ရာသီဥတုညီညွှတ် မျှတပါက တစ်ဧကပိဿာ(၃၀၀၀)ဝန်ကျင်ခန့် ထွက်ရှိကြောင်း ဒေသခံတောင်သူများ၏ ဆွေးနွေး ပြောပြချက်အရသိရှိရပါသည်။

     ယခုလက်ရှိ ဈေးကွက်အတွင်း၌ လက်ကျန်ကြက်သွန်နီများ ဈေးကောင်းရရှိနေပြီးဒေသ တွင်း၌လည်း လက်ကျန်လျော့နည်းလာကြောင်း၊ ပြည်ပဈေးကွက်မှာလည်း တင်ပို့မှုအထိုက်အလျောက် ရှိနေသေးကြောင်း၊ လာမည့်ဆောင်းကြက်သွန်နီ မထွက်ပေါ်မီ ကြားကာလ၌ထွက်ရှိမည့် မိုးကြက် သွန်နီများ ဈေးကွက်ကောင်းရရှိနိုင်မည့်မျှော်လင့်ချက်ဖြင့် ပိုမိုစိုက်ပျိုးလာကြသည့်အတွက် ယခုနှစ် မိုးကြက်သွန်စိုက်ဧကမှာ ယခင်နှစ်ကထက် စိုက်ဧကများတိုးတက်လာဖွယ်ရှိကြောင်း ရေးသားတင်ပြလိုက်ပါသည်။

DOCA(စစ်ကိုင်း)