မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်သည် နှစ်စဉ်ဆန်စပါးအများဆုံးစိုက်ပျိုး ထွက်ရှိရာမြို့နယ်တစ်ခုဖြစ်ပြီး မဲဇလီရေလွှဲဆည်၏ တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ဆည်ရေများဖြင့်ပေးဝေ၍ လယ်ယာစိုက်ပျိုးရေးကို အဓိကထား စိုက်ပျိုးကြပါသည်။ ပွင့်ဖြူမြို့နယ်တွင် ဧရာပဒေသာစပါးကို ဒေသအသီးသီးမှ စိုက်ပျိုးသော်လည်း ကုန်ဇောင်းဒေသမှ ထွက်ရှိသော ဧရာပဒေသာဆန်အမျိုးအစားမှာ အရည် အသွေးကောင်းမွန်ပြီး ပြည်တွင်းစားသုံးမှုတွင် လူကြိုက်များသဖြင့် ဈေးကွက်ခိုင်မာ လျက်ရှိကြောင်း သိရှိရပါသည်။
ကုန်ဇောင်းဧရာပဒေသာဆန်မှာ ကုန်ဇောင်းဒေသတဝိုက်ရှိရေနှင့် သဘာဝမြေဆီ၊ မြေနှစ်များ ဖြင့်စိုက်ပျိုးထားသော အရည်အသွေး ကောင်းမွန်သော မျိုးသန့် စပါးများကိုအဆင့်မြင့် စက်ကြီးများဖြင့် ကြိတ်ခွဲ၍ အဆင့်ဆင့်သန့်စင်ပြီး ကောင်းမွန်သော ဆန်ကောင်း၊ ဆန်သန့်များအား အထားခံအောင် သေချာစွာထုတ်ပိုးထားသည့်အပြင် ထမင်းသား မှာလည်းနူးညံ့ခြင်း၊ ထမင်း အထားခံနိုင်ခြင်း ပေါ်ဆန်းနှင့်တွဲ၍ စားသုံးပါကအထူး ကောင်းမွန်ခြင်းနှင့် ဆီးချိုသွေးချို သမားများအတွက် အထူးသင့်လျော်ပါသည်။ ယခုနှစ်တွင် (၂၀၂၁-၂၀၂၂)ထွက်မိုးစပါး ဧရာပဒေသာဆန်များကို ပေါ်စတွင် (၂၄)ပြည်တစ်အိတ်လျှင်(၄၀၀၀ဝိ/- မှ၄၁၀၀ဝိ/-)ထိ လည်းကောင်း၊ ဖေဖော်ဝါရီလ၊ မတ်လတို့တွင်(၄၃၀၀ဝိ/-မှ၄၅၀၀ဝိ/-)ထိလည်းကောင်း၊ ဇွန်လ၊ ဇူလိုင်လတွင် (၅၀၀၀ဝိ/- မှ ၅၅၀၀ဝိ/-)အထိရှိပြီး ယခုဩဂုတ်လတွင်(၆၀၀၀ဝိ/- မှ၆၅၀၀ဝိ/-) အထိ ဈေးနှုန်းမြင့်တက်လျက်ရှိပြီး ကုန်ဇောင်းဒေသမှထွက်ရှိသော ဧရာပဒေသာဆန်ကို မကွေး၊ မင်းဘူး၊ စလင်း၊ ဆင်ဖြူကျွန်း၊ တညောင်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့မှ ကုန်တင်ကားကြီးများဖြင့် လာရောက်ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မကွေး)