
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စုရှိ မယ် ဇလီတောကျေးရွာသည် ကုလားပဲ၊ နှမ်း၊ ပဲစဉ်းငုံ၊ ခရမ်းချဉ်သီး၊ နေကြာ၊ ဝါ၊ ကြက်သွန်နီ၊ မေမြို့ပန်း နှင့် သပြေပန်းတို့ကိုရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်သီးနှံကို ၂၀၂၅ခုနှစ်၊ ဩဂုတ်လ(ဒုတိယ ပတ်)တွင် တောင်သူ(၂၀)ဦးမှ စိုက်ဧက(၁၅)ဧကခန့် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မယ်ဇလီတောကျေးရွာနေ တောင်သူ(၁)ဦးက ၎င်းအနေဖြင့် ခရမ်းချဉ်သီးနှံစိုက်ဧက(၂)ဧက ခန့်စိုက်ပျိုးထားကြောင်း၊ မျိုးအနေဖြင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးကိုစိုက်ပျိုးပြီး (၁)ထုပ်လျှင် ကျပ် (၃၈၀၀၀)ဖြင့် မင်းလှမြို့ပေါ်ရှိ စိုက်ပျိုးရေးဆိုင်များမှ ဝယ်ယူကြောင်း၊ (၁)ဧကလျှင် မျိုး(၈)ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် ခရမ်းချဉ်မျိုးစေ့များကို ပျိုးထောင်ပြီး အပင်ရက်သား(၂၅)ရက် အကြာတွင် မြေချ၍ ဘောင်တင်စနစ်ဖြင့်စိုက်ပျိုးကြောင်း၊ အပင်သက်တမ်း(၂)လခွဲခန့်အကြာတွင် အသီးများစတင်ခူးဆွတ် နိုင်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း (၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစု စရိတ်အပါအဝင် စုစုပေါင်း ကျပ်(၂၀)သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က(၁)ဧကလျှင် ပိဿာချိန်(၅၀၀၀)ခန့်ထွက်ရှိပြီး (၁) ပိဿာလျှင် ကျပ်(၃၀၀၀)ဖြင့် ရောင်းချခဲ့ရာ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၁၃၀) ခန့်ရရှိခဲ့ ကြောင်း၊ ဈေးကွက်အနေဖြင့် အထက်မင်းလှမြို့၊ ဇေယျာသီရိဈေးနှင့် မင်းလှ-သရက်ကားလမ်းပေါ်ရှိ ဟင်းသီးဟင်းရွက်ရောင်း ချသည့်ဆိုင်များသို့တင်ပို့ရောင်းချကြောင်း သိရှိရသည်။
DOCA(မကွေး)