Main menu

အမေရိကန်ဆန်များကို အကောက်ခွန်လွတ် ခွဲတမ်းအတွင်းမှသာ ဝယ်ယူမည်ဟု ဂျပန်စီးပွားရေး ဝန်ကြီး ပြောကြား

Powered by Drupal

      ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ထံမှ တင်သွင်းလာသည့် လယ်ယာထွက်ကုန်များအပေါ် အကောက်ခွန်နှုန်းထား လျှော့ချပေးမည့် အစီအစဉ်မရှိကြောင်းနှင့် အမေရိကန်ဆန်များအား ၎င်း၏ တည်ဆဲ အကောက်ခွန်လွတ် တင်သွင်းခွင့်ခွဲတမ်း ကန့်သတ်ချက်ဘောင်အတွင်းမှသာ ဝယ်ယူခြင်းဖြင့် အမေရိကန်နိုင်ငံ၏ တောင်းဆိုချက်ကို ဖြေရှင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

          အမေရိကန် လယ်ယာထွက်ကုန်များ တင်သွင်းမှုအပေါ်  အကောက်ခွန်နှုန်းထား လျှော့ချပေးသည့် အကောက်ခွန်ဆိုင်ရာ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တစ်စောင် ထုတ်ပြန်ပေးရန် အမေရိကန်နိုင်ငံက အဆိုပြုထားသည်ဟု Nikkei သတင်းစာက ပြီးခဲ့သည့် ရက်သတ္တပတ်၌ အစီရင်ခံ ဖော်ပြခဲ့ခြင်းအပေါ် ဂျပန်စီးပွားရေးဝန်ကြီး Ryosei Akazawa က စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့တွင် ငြင်းဆိုခြင်းဖြစ်သည်။ အဆိုပါ အစီရင်ခံစာတွင် ဂျပန်နိုင်ငံအနေဖြင့် အမေရိကန်ဆန်များအား  တိုးချဲ့တင်သွင်းခွင့်ပြုရန် အမေရိကန်ဘက်မှ လိုလားမှုရှိနေသည်ဟုလည်း ဖော်ပြထားပါသည်။  

          ဇူလိုင်လ ၂၂ ရက်နေ့တွင် ဂျပန်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးသဘောတူညီမှု ရရှိခဲ့ခြင်းကို  ရည်ညွှန်းလျက် ၎င်းသဘောတူညီချက်၌ လယ်ယာထွက်ကုန်များအပေါ် အကောက် ခွန်နှုန်းထားများ လျှော့ချပေးမှု မပါဝင်ကြောင်း၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ စတေးခံ အလျှော့ ပေးရမည့် မည်သည့်ညှိနှိုင်းမှုများကိုမှ ဆောင်ရွက်ထားခြင်းမရှိကြောင်းနှင့် အကောက်ခွန်နှုန်းထား နှင့်စပ်လျဉ်း၍ မည်သည့်အပြောင်းအလဲမျှ မရှိကြောင်း ဝန်ကြီး Mr. Akazawa က ပြောကြားခဲ့ ပါသည်။

          ဒေါ်လာ ၅၅၀ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုအစီအမံနှင့်စပ်လျဉ်း၍ အပြီးသတ် ဆွေးနွေးနိုင်ရန်  ဝါရှင်တန်သို့ သွားရောက်မည့် Mr. Akazawa ၏ခရီးစဉ်အား ပြီးခဲ့သည့် ရက် သတ္တပတ်တွင် ဖျက်သိမ်းခဲ့ခြင်းက နှစ်ဖက်နိုင်ငံများအကြား အဆိုပါ ကုန်သွယ်ရေး သဘောတူညီ ချက် အကောင်အထည်ဖော်မှုကို အတားအဆီးဖြစ်စေမည့် ကွဲပြားခြားနားသည့် ရှုမြင်သုံးသပ်မှု များ ရှိနေသည်ဟု မှန်းဆချက်များကို ဖြစ်ပေါ်စေလျက်ရှိသည်။ အဆိုပါ ဖျက်သိမ်းခဲ့သည့်ခရီးစဉ် ကို အမေရိကန်အနေဖြင့် သဘောတူညီချက်မှတစ်ဆင့် မော်တော်ယာဉ်များတင်သွင်းမှု အပေါ် စည်းကြပ်သည့်အခွန်များအား လျှော့ချပေးစေရန်နှင့် သီးခြားကောက်ခံလျက်ရှိသော အထူးစည်း ကြပ်မှုအခွန် ၂.၅ ရာခိုင်နှုန်းကို အသစ်ချမှတ်မည့် အကောက်ခွန်နှုန်းထား ၁၅ ရာခိုင်နှုန်း၌ တစ်ပါတည်း ထည့်သွင်းပေးစေရန် ကြိုးပမ်းမှုအဖြစ် ဂျပန်နိုင်ငံဘက်မှ စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ကုန်သွယ်ရေး စေ့စပ်ညှိနှိုင်းမှုနှင့်စပ်လျဉ်းသည့် အသေးစိတ်အချက်အလက်များကို အများပြည်သူ ထံ အသိပေးသည့် မည်သည့် တရားဝင်ပူးတွဲ ကြေညာချက်ကိုမျှ ထုတ်ပြန်ထားမှုမရှိသေးကြောင်း သိရှိရပါသည်။         

          ကုန်သွယ်ရေး သဘောတူညီမှုအပေါ် ဂျပန်နှင့် အမေရိကန် နှစ်နိုင်ငံလုံး၏ နားလည်သဘောပေါက်မှုမှာ ကွာဟမှုမရှိကြောင်း၊ အမေရိကန်ဆန်များအား ပိုမိုဝယ်ယူရန် အမေရိကန် ဘက်မှ တောင်းဆိုမှုနှင့် ပတ်သက်၍  ဂျပန်နိုင်ငံသည် လက်ရှိချမှတ်ထားသော အကောက်ခွန် ကင်းလွတ်လျက် ဆန်တင်သွင်းခွင့် ကန့်သတ်ချက်ခွဲတမ်းအတွင်းမှ တိုးမြှင့်ဝယ်ယူရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဝါရှင်တန်သို့သွားရောက်မည့် ၎င်း၏ခရီးစဉ်ကိုမူ ပြန်လည်စီစဉ်ထားခြင်း မရှိသေးကြောင်း Mr. Akazawa က ပြောကြားခဲ့ပါသည်။

          ကုန်သွယ်ရေး သဘောတူညီမှုနှင့် စပ်လျဉ်း၍ အမေရိကန်နိုင်ငံဘက်မှ ဖော်ပြသည့် အချက်အလက်များတွင် ဂျပန်နိုင်ငံသည် သွင်းကုန်ခွဲတမ်း တိုးချဲ့မှုနှင့်အတူ အမေရိကန်ဆန်တင်သွင်းမှု ပမာဏကို ၇၅ ရာခိုင်နှုန်းအထိ လက်ငင်းတိုးမြှင့်လိမ့်မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

          ဂျပန်နိုင်ငံသည် ယခင်နှစ်၌ ၎င်း၏ အကောက်ခွန်လွတ် တင်သွင်းခွင့်ပြုသည့် ဆန်ခွဲတမ်း သတ်မှတ်ချက် တန်ချိန် ၇၇၀၀၀၀ အနက် အမေရိကန်ထံမှ ဆန်တန်ချိန် ၃၄၆၀၀၀ ကို တင်သွင်းခဲ့သည်ဟု ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ဖော်ပြထားသည်။ အမေရိကန်ထံမှ ဆန်တင်သွင်းရန် ခွဲတမ်းကို ၇၅ ရာခိုင်နှုန်းအထိ မြှင့်တင်ပါက တန်ချိန် ၆၀၀၀၀၀ ခန့်ရှိမည်ဖြစ်ပြီး ဂျပန်နိုင်ငံအနေဖြင့် ထိုင်း၊ ဩစတြေးလျနှင့် တရုတ်တို့အပါအဝင် အခြားနိုင်ငံများမှ ဆန်ဝယ်ယူမှုကို လျှော့ချရန် လိုအပ်မည်ဖြစ်ပါသည်။

Source: bloomberg.com, 2 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)