Main menu

ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှု တိုးမြှင့်နိုင်ရန် အိန္ဒိယ ကြိုးပမ်း

Powered by Drupal

     အိန္ဒိယနိုင်ငံ အနေဖြင့် ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုတိုးမြှင့်နိုင်ရန် ပြင်ဆင်နေပြီး ထိပ်တန်း ဆန်တင်ပို့သူများပါဝင်သော ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် ကမ္ဘာ့ဆန်စပါး အများဆုံး တင်သွင်း သည့် အဆိုပါ အရှေ့တောင်အာရှနိုင်ငံသို့ လာမည့်လတွင် သွားရောက်ရန် စီစဉ်ထားကြောင်း အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက PTI သတင်းဌာနသို့ ပြောကြားခဲ့သည်။

          ဖိလစ်ပိုင်နိုင်ငံသည် အိန္ဒိယ၏ စိုက်ပျိုးရေးပို့ကုန်များအတွက် အရေးပါသော ဈေးကွက် တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် တစ်ပိုင်းတစ်စကြိတ်ခွဲပြီးဆန်၊ ဂျုံ၊ ရိုင်းဂျုံ၊ ဆီကြိတ်ဖတ်၊  စားသောက်ကုန်များနှင့် စားအုန်းဆီအပါအဝင် ဒေါ်လာ ဘီလီယံ ၂၀ နီးပါးတန်ဖိုးရှိသော လယ်ယာထွက်ကုန်များကို တင်သွင်းခဲ့သည်။ အိန္ဒိယမှ ဖိလစ်ပိုင်နိုင်ငံသို့ စိုက်ပျိုးရေးပို့ကုန် တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၁၃ သန်းရှိပြီး ဖိလစ်ပိုင်၏ စိုက်ပျိုးရေးသွင်းကုန် စုစုပေါင်း၌ ၂ ရာခိုင်နှုန်းသာ ပါဝင်လျက်ရှိသည်။

          ဖိလစ်ပိုင်သို့ အိန္ဒိယမှတင်ပို့သည့် အဓိကပို့ကုန်များတွင် အမဲသား၊ မြေပဲ၊ ဆန်နှင့် ဆေးရွက်ကြီးတို့ ပါဝင်သည်။ အိန္ဒိယသည် ကမ္ဘာ့ဆန်အများဆုံးတင်ပို့သည့်နိုင်ငံဖြစ်သော်လည်း ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၁၁ ဒသမ ၈၃ ဘီလီယံအနက် ဖိလစ်ပိုင်သို့ တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၉၁ သန်းသာရှိခဲ့သည်။

          ဖိလစ်ပိုင်သည် ကမ္ဘာ့ဆန်အများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် တင်သွင်းမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂.၅၂ ဘီလီယံရှိခဲ့သည်။ သို့သော်လည်း အိန္ဒိယသည် ဖိလစ်ပိုင်သို့ ဆန်တင်ပို့မှုတိုးချဲ့ရန် သိသာထင်ရှားသော အခွင့်အလမ်းများရှိနေကြောင်းနှင့် အိန္ဒိယသည် ကမ္ဘာ့ဆန် အများဆုံးတင်ပို့သူဖြစ်လင့်ကစား အိန္ဒိယ၏ ဆန်တင်ပို့မှုသည် အလားတူကာလတွင် ဖိလစ်ပိုင်သို့ အမေရိကန်ဒေါ်လာ ၄၈.၉၁ သန်း တန်ဖိုးသာ ရှိခဲ့ကြောင်း အဆိုပါအရာရှိက မှတ်ချက်ပြု ပြောကြားခဲ့သည်။

          အဆိုပါ ကွာဟချက်ကို ဖြည့်တင်းနိုင်ရန် အိန္ဒိယကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ဆန်တင်ပို့သူများ ကိုယ်စားလှယ်အဖွဲ့ကို စက်တင်ဘာလ အစောပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသို့ စေလွှတ်မှုနှင့်အတူ ကြက်သွန်နီ၊ အာလူး၊ အာလူးနှင့် အသားစသည့် အခြား အလားအလာရှိသော ကုန်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရေးကို တစ်ပါတည်း လုပ်ဆောင်ရန် စီစဉ်လျက်ရှိပါသည်။ အဆိုပါ ပဏာမခြေလှမ်းသည် ကုန်သွယ်မှု ချိတ်ဆက်မှုများကို အားကောင်းလာစေရန်နှင့် အိန္ဒိယ ပို့ကုန် လုပ်ငန်းရှင်များ ဒေသတွင်း၌ ပိုမိုခိုင်မာသော ဈေးကွက်တစ်ခု ထူထောင်နိုင်ရန် ကူညီပေးနိုင်မည်ဟု မျှော်လင့်ထားသည်။

          စက်တင်ဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပမည့် World Food India တွင် ဖိလစ်ပိုင် စားသောက်ကုန် တင်သွင်းသူအဖွဲ့တစ်ဖွဲ့ ပါဝင်တက်ရောက်မည်ဖြစ်ပြီး ယခုနှစ်နှောင်းပိုင်းတွင် ၎င်းတို့နှင့် ဆက်လက်ချိတ်ဆက် ဆောင်ရွက်မည်ဖြစ်သည်။ ထို့အပြင် အိန္ဒိယနိုင်ငံသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၃၀ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဆန်စပါးကဏ္ဍ၌ ပထမဆုံး အကြီးစား ကုန်စည်ပြပွဲအဖြစ် နိုင်ငံတကာဆန်စပါးညီလာခံကိုလည်း  ကျင်းပသွားမည်ဖြစ်သည်။

          လွတ်လပ်သောဓနသဟာယနိုင်ငံများအဖွဲ့ (CIS) သို့ အိန္ဒိယ၏ စိုက်ပျိုးရေးထွက်ကုန် တင်ပို့မှုသည် မြင့်တက်လျက်ရှိပြီး ရုရှားနိုင်ငံနှင့် ပိုမိုခိုင်မာသော ကုန်သွယ်မှုဆက်ဆံရေးကြောင့် ၎င်းအဖွဲ့သို့ တင်ပို့မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၄၈၀ ရှိရာမှ ၂၀၂၄-၂၅ ခုနှစ်၌ အမေရိကန် ဒေါ်လာ ၆၂၈ သန်းအထိ မြင့်တက်လာခဲ့သည်။

          အိန္ဒိယ လယ်ယာထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များ ထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုး တိုးတက်ရေး အာဏာပိုင်အဖွဲ့ (APEDA) သည် World Food Moscow ကဲ့သို့ နိုင်ငံတကာ ကုန်စည်ပြပွဲများတွင် အိန္ဒိယထုတ်ကုန်များကို ပြသခြင်းဖြင့် နိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန် တင်ပို့ မှု တိုးတက်ရေးကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိသည်။ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၏ အဆိုအရ ထိုကဲ့သို့သော ကုန်စည်ပြပွဲစင်္ကြန်များသည် လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ စီးပွားရေးမိတ်ဖက် အသစ်များနှင့် မိတ်ဖွဲ့ရန်နှင့် CIS စျေးကွက်တွင် အိန္ဒိယနိုင်ငံ၏ တည်ရှိမှုကို ခိုင်မာစေရေးအတွက် အရေးကြီးကြောင်း သိရှိရပါသည်။

Source: cnbctv18.com, August 31, 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)