Main menu

အိန္ဒိယတောင်သူများသည် မတ်ပဲနှင့် ပဲတီစိမ်းကို နွေသီးနှံရာသီ၌ တိုးမြှင့်စိုက်ပျိုးဖွယ်ရှိ

Powered by Drupal

    ယခုနှစ် မိုးသီးနှံရာသီ၌ မိုးသည်းထန်စွာ ရွာသွန်းမှုဒဏ်ကြောင့် သီးနှံများထိခိုက်ပျက်စီးမှုရှိ သည့် အခြေအနေများအရ အိန္ဒိယတောင်သူများသည် မတ်ပဲနှင့် ပဲတီစိမ်းတို့ကို နွေသီးနှံရာသီ၌ တိုးမြှင့်စိုက်ပျိုးဖွယ်ရှိသည်ဟု အိန္ဒိယပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း (IPGA) ၏ အတွင်းရေးမှူး Satish Upadhyay က Informist Media သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့ ပါသည်။

          ယခုနှစ် မိုးရာသီ ပဲမျိုးစုံစိုက်ပျိုးမှုမှာ ယခင်နှစ်ကထက် ၅ ရာခိုင်နှုန်း ပိုမိုဖွယ်ရှိကြောင်း အိန္ဒိယ ပဲမျိုးစုံနှင့် ကောက်ပဲသီးနှံအသင်း၏ ခန့်မှန်းချက်အရ သိရှိရသည်။ အချို့ဒေသများတွင် ပဲမျိုးစုံကို နောက်ကျ၍ စိုက်ပျိုးခြင်းများရှိသည့်အပြင် ဆီထွက်သီးနှံဈေးနှုန်းများမှာ ဈေးကောင်း မရသည့်အတွက် တောင်သူအချို့သည် ပဲမျိုးစုံကို ပြောင်းလဲစိုက်ပျိုးလာကြသည်။ ပဲမျိုးစုံစိုက်ပျိုး ထုတ်လုပ်မှုမှာ ကောင်းမွန်သော်လည်း မိုးများစွာ ရွာသွန်းမှုကြောင့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံ များတွင် အရည်အသွေး ထိခိုက်ပျက်စီးမှုများ ရှိလိမ့်မည် ဖြစ်ကြောင်း၊ ပဲစင်းငုံသီးနှံမှာ စိုက်ပျိုး ဆဲအခြေအနေဖြစ်ပြီး အပင်၏ကြီးထွားမှု အပိုင်းမှာလည်း ကောင်းမွန်သည့်အနေအထားတွင် ရှိကြောင်း၊ သို့သော်လည်း စက်တင်ဘာလ၌  မိုးပိုများလာနိုင်သည့်အတွက် စောင့်ကြည့်ရမည့် အနေအထားဖြစ်ကြောင်း သိရှိရသည်။

          လွန်ခဲ့သည့် နှစ်ပတ်ခန့်က မတ်ပဲနှင့် ပဲတီစိမ်းများ ဈေးကွက်ထဲသို့ ဝင်ရောက်လာပြီဖြစ်ပြီး အစို ဓာတ်ပါဝင်မှုမှာ မြင့်မားနေကြောင်း၊ မိုးများစွာရွာသွန်းမှုကြောင့် သီးနှံပျက်စီးမှုမှာကြီးမားပြီး ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ ရှိလျက် အသုံးပြု၍ မရကြောင်း၊ အရည်အသွေးပိုင်းမှာလည်း အတော်လေးနိမ့်ကျနေပြီး လူစားသုံးရန် ကြိတ်ခွဲခြင်းလုပ်ငန်းအတွက် မသင့်တော်ဘဲ အနိမ့်ဆုံး ထားရှိဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးအောက် လျှော့ချ၍ ရောင်းချနေရခြင်းဖြစ်ကြောင်း Mr. Upadhyay က ပြောကြားခဲ့သည်။

          မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှုခန့်မှန်းခြေအနေဖြင့် ပဲစင်းငုံမှာ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ပျက်စီး ဆုံးရှုံးနိုင်ပြီး မတ်ပဲနှင့် ပဲတီစိမ်းမှာ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှုံးနိုင်ကြောင်း၊ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံများကို‌ နွေသီးနှံရာသီတွင် စိုက်ပျိုးပါက အရည်အသွေးပိုမိုကောင်းမွန်ပြီး ဆုံးရှံးမှုလည်း မရှိကြောင်း၊ တောင်သူဘက်က ကြည့်လျှင်လည်း အနိမ့်ဆုံးထားရှိဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးမှာလည်း ဈေးကောင်းသည့် အတွက် လာမည့် နွေသီးနှံရာသီ၌ စိုက်ပျိုးမှုများပြားလာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောဆို ပါသည်။

          ပဲတီစိမ်းကို ဆည်ရေပေးဝေမှု ကောင်းမွန်သည့် မဒ္ဒရာပရာဒေ့ရှ်ပြည်နယ်တွင် နွေသီးနှံအဖြစ် အများဆုံး စိုက်ပျိုးကြောင်း၊  မဟာရဋ္ဌပြည်နယ်နှင့် ဂူဂျာရတ်ပြည်နယ်တို့တွင်လည်း ရေပေးဝေမှု အားကောင်းကြောင်း၊ ပဲတီစိမ်းမှာ ကာလတိုသီးနှံဖြစ်ပြီး အထွက်ပိုမိုကောင်းမွန် သည့်အတွက် တောင်သူများက စိုက်ပျိုးရန် လိုလားမှုရှိကြောင်း၊ မတ်ပဲကို နွေသီးနှံအဖြစ် စတင် စိုက်ပျိုးခဲ့သော်လည်း မြန်မာနိုင်ငံမှ စဉ်ဆက်မပြတ်တင်သွင်းမှုများကြောင့် အနိမ့်ဆုံးထားရှိ ဝယ်ယူ မည့် အခြေခံရည်ညွှန်းဈေးအောက် လျှော့ချ၍ ရောင်းချနေရသဖြင့် တောင်သူများအနေဖြင့် မတ်ပဲသီးနှံ စိုက်ပျိုးမှုတွင် တက်ကြွစွာပါဝင်လာမှု မရှိကြောင်း သိရှိရသည်။

          ပဲစင်းငုံသီးနှံ၏ အနိမ့်ဆုံးထားရှိဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးသည် တွန်းအားဖြစ် သော်လည်း အခြေခံ ရည်ညွှန်းဈေးဖြင့် ဝယ်ယူမှုကို စနစ်တကျ ဆောင်ရွက်နိုင်မှု မရှိခဲ့ကြောင်း၊ ၂၀၂၄-၂၅ စိုက်ပျိုးနှစ် ပဲစင်းငုံသီးနှံများမှာ ဇန်နဝါရီလမှစ၍ ဈေးကွက်ထဲသို့ စတင်ဝင်ရောက် လာခဲ့သော်လည်း အစိုးရမှ ဝယ်ယူရေးလုပ်ငန်းစဉ်များကို မတ်လနှင့် ဧပြီလမှစတင်၍ ဆောင်ရွက် ခဲ့သည်။ ထို့အပြင် ဝယ်ယူရေးစင်တာများလည်း နည်းပါးခဲ့ပြီး ဝယ်ယူရေး လုပ်ငန်းစဉ် မှာလည်း ကောင်းမွန်မှု မရှိဘဲ စိုက်ပျိုးတောင်သူများအတွက် အဆင်ပြေသည့် စနစ်မဟုတ်ခဲ့ကြောင်း သိရှိရ သည်။

          အစိုးရအနေဖြင့် ပဲမျိုးစုံစုစုပေါင်းထွက်ရှိမှု၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းခန့်ကိုပင် ဝယ်ယူနိုင်ခြင်းမရှိခဲ့သဖြင့် တန်ချိန် ၂၇ သန်း မှ ၂၈ သန်းအထိ ဝယ်ယူမည့် အခြေအနေကို မျှော်မှန်း၍မရကြောင်း၊ အစိုးရအနေဖြင့် ပဲစင်းငုံသီးနှံ၏ အနိမ့်ဆုံးထားရှိဝယ်ယူမည့် အခြေခံ ရည်ညွှန်းဈေးကို တိုးမြှင့်ပေးနိုင်သော်လည်း ကန့်သတ်ချက်များရှိကြောင်း၊ အနိမ့်ဆုံးထားရှိ ဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးကို အမြဲတိုးမြှင့်နေပါက နောက်ဆုံးထွက်ရှိသည့် ထုတ်ကုန် များ၏ ဈေးနှုန်းမှာ မြင့်တက်လာပြီး အခြေခံလူတန်းစားများ မဝယ်ယူနိုင်သော အခြေအနေသို့ ရောက်ရှိမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဝယ်ယူရေးလုပ်ငန်းစဉ်များကိုသာ ခိုင်မာအားကောင်း အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း  အသင်းမှ ပြောကြားခဲ့သည်။

          လွန်ခဲ့သည့် ၃-၄ နှစ်ကစ၍ တင်သွင်းလာသည့် ပဲစင်းငုံသီးနှံများ၏ ဈေးမှာ အနိမ့်ဆုံးထားရှိ ဝယ်ယူသည့် အခြေခံရည်ညွှန်းဈေးထက် ပိုမိုခဲ့ကြောင်း သိရှိရသည်။ အနိမ့်ဆုံးထားရှိ ဝယ်ယူသည့် အခြေခံရည်ညွှန်းဈေးထက်နည်းပြီး ဝင်ရောက်လာသော သွင်းကုန်များမှာ အနည်းငယ်သာရှိပြီး ခန့်မှန်းအားဖြင့် ၂၀-၂၅ ရာခိုင်နှုန်းခန့်သာရှိသည်။ သို့သော် ယခုနှစ် ပြည်တွင်းဈေးသည် အနိမ့်ဆုံး ထားရှိ ဝယ်ယူမည့် အခြေခံရည်ညွှန်းဈေးထက် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ လျော့နည်း သွားကြောင်း၊ ဈေးကွက်ပေါက်ဈေးမှာလည်း အခြေခံရည်ညွှန်းဈေးထက် လျော့နည်းသွားသဖြင့် ယခုနှစ် သွင်းကုန်ဈေးနှုန်းများမှာ နိမ့်ကျလျက်ရှိကြောင်း သိရှိရသည်။

          အရှေ့အာဖရိကနိုင်ငံများ၌ ယခုနှစ် ပဲစင်းငုံအထွက်ကောင်းပြီး ခန့်မှန်းအားဖြင့်  တန်ချိန် ၁ သန်း ခန့်ထွက်ရှိကြောင်း၊ ၎င်းနိုင်ငံများအနေဖြင့် သီးနှံများ ရောင်းချနိုင်ရန်အတွက် ဖိအားရှိ နေကြောင်း၊  အခြားနိုင်ငံများမှ ဝယ်ယူတင်သွင်းမှုမရှိသဖြင့် ထွက်ရှိသမျှသီးနှံ အားလုံးကို အိန္ဒိယ နိုင်ငံသို့သာ တင်သွင်းနေကြောင်းဖြင့်  Mr. Upadhyay က ပြောကြားခဲ့သည်။

          ထို့အတွက် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲစင်းငုံ ဈေးနှုန်းများသည် အခြေခံရည်ညွှန်းဈေး ထက် နိမ့်ကျနေပြီး အာဖရိကနိုင်ငံများ၏ ထုတ်လုပ်မှုမှာ ကောင်းမွန်သဖြင့် တင်သွင်းကုန်ဈေးနှုန်း များသည် အခြေခံရည်ညွှန်းဈေးအောက် နိမ့်ကျလျက်ရှိသည်။ သို့သော် တင်သွင်း နိုင်ငံအများစုမှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ (LDC) များဖြစ်သဖြင့် အစိုးရအနေဖြင့် သွင်းကုန်ခွန် မသတ်မှတ်နိုင် ကြောင်း၊ သွင်းကုန်ခွန်ကောက်ခံခြင်း ပြု/ မပြုဆုံးဖြတ်ချက်သည် ယခုနှစ် ပဲစင်းငုံသီးနှံထွက်ရှိမှု အပေါ်တွင် မူတည်နေကြောင်း၊ ပဲစင်းငုံအထွက်လျော့နည်းပါက  အစိုးရအနေဖြင့် သွင်းကုန်ခွန် ကောက်ခံမည်မဟုတ်ကြောင်း Informist သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။

Source: Informist Media, 3 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)