မကွေးတိုင်းဒေသကြီး၊ ဆင်ဖြူကျွန်းမြို့ပတ်ဝန်းကျင်ရှိ နွယ်တမယ်ကျေးရွာ၊ ချောင်းကောက် ကျေးရွာများမှ တောင်သူများသည် မိရိုးဖလာ တောင်သူလယ်ယာလုပ်ငန်းအပြင် အခြားသီးနှံစားပင် မျိုးစုံကိုလည်း စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သုံးသီးနှံဖြစ်သည့် ငရုတ်ပင်စိုက်ပျိုးခြင်းဖြင့် ဝင်ငွေ ပိုမိုရရှိနေကြောင်း သိရသည်။ ငရုတ်ပင်မှာ နှစ်တိုစားဖိုဆောင်သုံး သီးနှံဖြစ်သည့််အပြင် ဈေးကွက် ပုံမှန်ရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း၊ ငရုတ်ပင်မျိုးများစွာရှိသည့် အနက် ငရုတ်အစိုမိုးထောင်မျိုးဖြစ်သော ဒီမိုငရုတ်မျိုးကို ပိုမိုတိုးချဲ့စိုက်ပျိုးကြကြောင်း သိရသည်။ ငရုတ်ပင်များကို ဝါခေါင်လတွင် ပျိုးထောင်၍ တော်သလင်းလတွင် စိုက်ပျိုးကြကြောင်း၊ ငရုတ်ပင် သက်တမ်း(၃)လခန့်ရှိလျှင် စတင် ခူးဆွတ်နိုင်ကြောင်း သိရသည်။ ငရုတ်ပင်၏သက်တမ်းမှာ (၈)လ ခန့်ရှိပြီး အပင်(၁၀၀၀၀)ခန့်စိုက်ပျိုးလျှင် စတင်ခူးဆွတ်ချိန်တွင် ပိဿာချိန်(၅၀)ခန့်ထွက်ရှိကြောင်း၊ နောက်ပိုင်း ငရုတ်သီးလှိုင်လှိုင်ပေါ်ချိန်တွင် ပိဿာချိန်(၂၀၀)မှ (၃၀၀)ခန့်အထိ ထွက်ရှိကြောင်း၊ (၁)လ လျှင်(၄)ကြိမ်ခန့် ခူးဆွတ်နိုင်ကြောင်းသိရှိရပါသည်။
ဆင်ဖြူကျွန်းဒေသထွက် ဒီမိုငရုတ်သီးများကို ချောက်၊ စလင်း၊ ပွင့်ဖြူ၊ မင်းဘူး၊ မကွေး စသော မြို့များသို့ တင်ပို့ရောင်းချလျက်ရှိပြီး လက်ရှိကာလတွင် ငရုတ်သီးတစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀)မှ (၈၀၀၀)ခန့်အထိ ရရှိသောကြောင့် ဒီမိုငရုတ်စိုက်ပျိုးသူတောင်သူများအနေဖြင့် အကျိုးအမြတ်ငွေ များစွာရရှိနေကြောင်း သိရှိရပါသည်။
DOCA(မကွေး)