Main menu

ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာ၏ ရက်ကန်းလုပ်ငန်း

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်လျက်ရှိကြသော်လည်း မိသားစု၏ပုံမှန်အပိုဝင်ငွေရရှိစေရန်နှင့် စားရေး၊ ဝတ်ရေး၊ နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် တစ်မြို့နယ်လုံးရှိ ကျေးရွာတိုင်းနီးပါးနှင့် မြို့ပေါ်ရှိရပ်ကွက်များပါမကျန် စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းများ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာသည် စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းများဖြင့် အလွန်ထင်ရှားသော ကျေးရွာတစ်ရွာဖြစ်ပြီး  ရက်ကန်းလုပ်ငန်းကို ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (One Village One Product)အဖြစ် ယခင်တည်းကဆောင်ရွက်လျက်ရှိရာ ထိုရွာမှတစ်ဆင့် နီးစပ်ရာ ကျေးရွာများဖြစ်သည့် နံ့သာကုန်းကျေးရွာ၊ ချီပါကျေးရွာ၊ ဗိုလ်တည်းကုန်းကျေးရွာ၊ ဆိပ်သာကျေးရွာ၊ ဇီးဖြူကုန်းကျေးရွာ၊ ကြောင်လျှာတောကျေးရွာ၊ ဝါးရုံကန်ကျေးရွာ၊ နှမစားရစ်ကျေးရွာ၊ ရေကြည်ဝကျေးရွာ၊ ထူးကြီးကျေးရွာ၊ တည်ပင်ကျေးရွာ၊ ထန်းဇင်ကျေးရွာ၊ စောင်တန်းကျေးရွာ၊ တင့်တယ်ကျေးရွာ၊ ကျောက်မြင့်ကျေးရွာ၊ မင်္ဂလာကျေးရွာ၊ ပန်းရံကျေးရွာ၊ လိပ်ချင်းကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ခွန်တောင်းကြီးကျေးရွာ၊ ကျားကျေးရွာ၊ ဇီးကုန်းလေးကျေးရွာစသည့် ကျေးရွာများတွင် အဓိက  ဆောင်ရွက်လာကြပြီး ယခုအချိန်တွင် တစ်မြို့နယ်လုံးနီးပါး ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ ရက်ကန်းလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် စက်ရက်ကန်းစင်၊ လက်ရက်ကန်းစင်များ၊ စက်တတ်ဆင်ပြုပြင်နိုင်သည့် စက်ဆရာများ၊ ချည်ထည်ရက်လုပ်ခြင်းကို သင်ပြနိုင်သည့်ဆရာများ၊ ချည်ထုတ်အမျိုးမျိုး၊ ချည်ဆိုးဆေးအမျိုးမျိုးရောင်းချသူများ၊ ချည်ဆေးဆိုးခြင်းလုပ်ငန်းလုပ်ကိုင်သူများ၊ ဆေးဆိုးပြီးချည်အရောင်မျိုးစုံရောင်းချသူများ၊ ချည်ချ၊ ရဟတ်ပုတ်လုပ်ငန်းဆောင်ရွက်သူများ၊ စည်းဆက်သည့်သူများ၊ ရက်ကန်းအပိုပစ္စည်းမျိုးစုံရောင်းချသူများနှင့် ရက်လုပ်ပြီးသောအထည်များကို ပြန်လည်ကောက်သူများ လိုအပ်ပါသဖြင့် ရက်ကန်းလုပ်ငန်းများဆောင်ရွက်ခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိသော်လည်း နေရာတိုင်းတွင် ဆောင်ရွက်၍မရနိုင်ပါ။ ဆိပ်ခွန်ကျေးရွာတွင်အဆိုပါဆိုင်များနှင့်  လုပ်သားများလွန်စွာပေါများသည့်အပြင် လူငယ်၊ လူလတ်နှင့်လူကြီးများပါမကျန် ရက်ကန်းနှင့် ဆက်စပ်သောလုပ်ငန်းများကို မိမိနိုင်ရာလုပ်ကိုင်ကြပြီး အခြားသော ကျေးရွာများတွင်လည်း ဆောင်ရွက်လာကြသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုခရိုင်အတွင်းရှိ ဝက်လက်၊ ခင်ဦး၊ ရေဦးနှင့် ဒီပဲယင်းမြို့နယ်များရှိ ရက်ကန်းလုပ်ငန်း ဆောင်ရွက်သူများသည်လည်း ရက်ကန်းနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်ရွက်မှုများကို ဆိပ်ခွန်ကျေးရွာ နှင့်အများဆုံး ချိတ်ဆက်ဆောင်ရွက်ကြကြောင်း သိရှိရပါသည်။

     ရွှေဘိုမြို့နယ်အနေဖြင့် စက်ရက်ကန်းစင်များကို မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်း မြို့နှင့်တောင်မြို့တို့မှ အသစ်မှာယူ၍ တတ်ဆင်အသုံးပြုခြင်းအပြင် အခြားသောဒေသများမှ စက်ရက်ကန်း လုပ်ငန်းလုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်ခြင်းမပြုတော့သည့် စက်အဟောင်းများကို ပြန်လည်ဝယ်ယူ၍ တတ်ဆင်အသုံးပြုခြင်းများဆောင်ရွက်ကြကြောင်း၊  လက်ရက်ကန်းစင်များကို ဆိပ်ခွန် ကျေးရွာတွင် ပြုလုပ်၍ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ စက်ရက်ကန်း၊ လက်ရက်ကန်း ရက်လုပ်ရာ တွင်၂/၁၀၀တိုင်ချည်၊ ၂/၁၀၀တိုင်ဖောက်၊ ၂/၈၀တိုင်ချည်နှင့် ၂/၈၀တိုင်ဖောက်၊ ၂/၈၀တိုင်ချည်နှင့် ၁/၄၀တိုင် ဖောက်စသည်ဖြင့် ရက်လုပ်ကြပြီး အပွင့်၊ အမိတ်ပါသည့်အထည်များတွင် အဖွင့်ဖောက်ခြင်း၊ အမိတ်ဖောက်ခြင်းကို စပန့်ချည်၊ ပိုးပန်းချည်၊ ရွှေချည်၊ ငွေချည်များကို အသုံးပြု၍ ဈေးကွက်အကြိုက် အဆင်များကို ရက်လုပ်ကြကြောင်း သိရှိရပါသည်။

     ရက်လုပ်သည့်အထည်များမှာ လွယ်အိတ်၊ တဘက်၊ လက်သုတ်ပဝါ၊ အမျိုးသား ဝတ်ပုဆိုးကြမ်း၊ အမျိုးသမီးဝတ်လုံချည်ကြမ်းအပြင် အမျိုးသမီးဝတ် ဝမ်းဆက်၊ ကွင်းဒီဇိုင်းအမျိုးမျိုး၊ အခြားအဆင် ပုဆိုး အမျိုးမျိုးတို့ကို ရက်လုပ်ကြပါသည်။ အမျိုးသမီးဝတ်အနေဖြင့် မျက်ဝန်း၊ ပရီမီယမ်ကျစ်ပိုးခြောက်ကြိုး ချိတ်၊ ရိုးရာရောင်စုံလရှီးမိတ်၊ ပရီမီယမ်ကျစ်ပိုးရေလှိုင်း၊ လိတ်စံ၊ အလယ်ချိတ်၊ ဒုတ်ထိုး၊ နေကြာ၊ မိုးစက်ရေလှိုင်း၊ ခါးချိတ်၊ ဂျပ်ပြင်၊ ဒေါင်းမြီး၊ လွန်းရှယ်၊ ဂျစ်ပိုးကွက်ဒူးနားစင်း၊ ချစ်ပန်း၊ ဖဲဘရိတ်၊ ပိုးချည်ကျဲ၊ လ၄ပွင့်၊ ချစ်မျှားအစိတ်ဒေါင်းစင်း၊ ကျစ်ပိုးသံစဉ်၊ အသဲ၊ ချည်ပြည့်၊ ကျစ်ပိုးအုတ်ကွက်မိတ်၊ ခခူးရိုးရာချိတ်၊ ခရေမိုက်ကွက်၊ စီးပွင့်ကျဲကွင်း၊ မိုးရေစက်၊ အသဲရcolour၊ သမ္ဘူလစံကွဲ၊ ပတ္တမြားစံကွဲ၊ ခရေစံကွဲ၊ စီးကွက်မိတ်စံကွဲ၊ ဝိုင်းဝိုင်းလည်မိတ်ကွင်း၊ စိန်တုံးလေးပွင့်ဆုပ်၊ ကျွဲချို၊ နှစ်ချိတ်စပေါ့ စသည်ဖြင့် အဆင်မျိုးစုံရက်လုပ်ကြကြောင်း သိရှိရပါသည်။ ကျောင်းစိမ်းပုဆိုး၊ လုံချည်များ၊ တိုင်းရင်းသားရိုးရာ အဆင်အမျိုးမျိုးနှင့် ဓမ္မစကူးလ်းကျောင်းများဖွင့်ပါကလည်း ဓမ္မစကူးလ်းလုံချည်၊ ပုဆိုးများပါ တိုးချဲ့ ရက်လုပ်၍ ရောင်းချကြကြောင်း သိရှိရပါသည်။  အထည်ကောက်သူများမှ တစ်ဆင့်ဝယ်ယူထားသော အထည်များကို ကချင်ပြည်နယ်၊  မြစ်ကြီးနားမြို့၊ မန္တလေးတိုင်းဒေသကြီး၊ တောင်မြို့နှင့် မန္တလေးမြို့သို့ အများအပြားတင်ပို့ပြီး ကျန်မြို့များသို့လည်း အမှာရှိပါက တင်ပို့ခြင်း၊ နိုင်ငံခြားရောက် အသိမိတ်ဆွေများမှ မှာယူပါကလည်း ချိတ်ဆက်တင်ပို့ခြင်းများရှိကြောင်း သိရှိရပါသည်။

  ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနအနေဖြင့် ရွှေဘိုမြို့နယ် ရက်ကန်းလုပ်ငန်းရှင်များအသင်းကို (၁၇.၃.၂၀၁၄)ရက်နေ့တွင် အလုပ်အမှုဆောင် အဖွဲ့ဝင်(၁၅)ဦးဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ၎င်းအပြင် ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုဖြင့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာနမှကြီးမှူး၍ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာတွင် ရက်ကန်းအဆင့်မြင့်နည်းပညာသင်တန်းကို (၁၄.၁၂.၂၀၁၅)မှ(၁၈.၁၂.၂၀၁၅)ထိ (၅)ရက်တိုင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ဖွင့်လှစ်ပို့ချပေးခဲ့ပါသည်။

    ရက်ကန်းလုပ်ငန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း များပိုမိုရရှိခြင်း၊ မိသားစုဝင်ငွေတိုးတက်ပြီး  လူမှုစီးပွားဘဝများဖွံ့ဖြိုးလာစေခြင်း၊ ဆင်းရဲမှုလျော့ကျစေ နိုင်သည့်အပြင် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ခြင်း၊ နည်းပညာဗဟုသုတများရရှိခြင်း စသည့် အကျိုး ကျေးဇူးများရရှိစေနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)