
တရုတ်နိုင်ငံ၊ Hebei ပြည်နယ်မှ ထိပ်တန်း AI ကုမ္ပဏီတစ်ခုဖြစ်သည့် ENN Group China သည် စမတ်ကျသော ခရီးသွားလုပ်ငန်းများ အားကောင်းလာစေရန်အတွက် ကမ္ဘောဒီးယား ခရီးသွားအသင်းများနှင့် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးရန် ရည်မှန်းထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလုပ်ငန်း ၀န်ကြီး Huot Hak သည် ENN Group China ၏ လက်အောက်ခံ Ennova Holding Co., Ltd. မှ ဒါရိုက်တာ Li Jianxin နှင့် ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် AI မိတ်ဆက်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန် တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် ဝန်ကြီး Huot Hak က ကမ္ဘောဒီးယားနိုင်ငံ၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် Ennova Holding Co., Ltd ၏ ပဏာမခြေလှမ်းအတွက် ထောက်ခံကြောင်း ပြောကြားခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ဆန်းသစ်တီထွင်မှုကို အားပေးရန်နှင့် ကမ္ဘောဒီးယားသို့ တရုတ်နှင့် နိုင်ငံတကာဧည့်သည်များကို ပိုမိုဆွဲဆောင်ရန် အထောက်အကူဖြစ်စေကြောင်း Huot Hak ထပ်မံပြောကြားခဲ့သည်။ လွန်ခဲ့သည့် ၃၆ နှစ်ကျော် က စတင်တည်ထောင်ခဲ့သော ENN Group China သည် တရုတ်နိုင်ငံတွင် ထိပ်တန်းပုဂ္ဂလိက ကုမ္ပဏီ ၁၀၀ တွင်ပါဝင်လျက်ရှိပြီး ဝန်ထမ်းပေါင်း ၄၅,၀၀၀ ကျော်ဖြင့် လုပ်ငန်းများလည်ပတ် လျက်ရှိကာ နှစ်စဉ် ၀င်ငွေ ကန်ဒေါ်လာ ၂၂ ဘီလီယံကျော် ရရှိနေကြောင်း Li Jianxin ကပြောကြားခဲ့သည်။ ကုမ္ပဏီသည် ကဏ္ဍအသီးသီးရှိ AI အသုံးချပရိုဂရမ်များတွင် ကျွမ်းကျင်မှု များအတွက် အသိအမှတ်ပြုခံနေရကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
Source: Khmer Times
DOCA (ရန်ကုန်)