
ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် မိသားစု စားဝတ်နေရေးအတွက် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ၎င်းသီးနှံများအနက် မိသားစု အပိုဝင်ငွေရရှိစေရန် ခဝဲသီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည် ။ တောင်သူများသည် မိမိတို့စိုက်ခင်းမှ ထွက်ရှိသောသီးနှံများကို ကျောက်ဆည်မြို့ပေါ်ရှိစျေးများသို့ ကိုယ်တိုင်လာရောက် ရောင်းချကြသလို ဖောက်သည်ပေး၍ရောင်းချကြောင်း ၊ သြဂုတ်လနောက်ဆုံးပတ်တွင် ခဝဲသီး စျေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင်(၂၅၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်တို့ဖြင့် အရောင်းခဲ့ပြီး စက်တင်ဘာလ ပထမပတ်တွင် ခဝဲသီးစျေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင်(၁၅၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၂၀၀၀/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ခဝဲသီးစားသုံး ပေးခြင်းဖြင့် သွေးသန့်ပေးနိုင်ခြင်း၊ ဝမ်းမှန်စေခြင်း ၊ အသားဝါရောဂါဖြစ်ပွားနိုင်ခြေလျော့နည်း စေခြင်း၊ ဆီချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်လျော့နည်းခြင်း ၊ ဝိတ်ကျဖို့ကူညီနိုင်ခြင်း ၊ ရောင်ရမ်းမှု့ကို သက်သာစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ အစာအိမ်ကူညီနိုင်ခြင်း စသည့် အကျိုးကျေးဇူးတို့ကိုရရှိစေပြီး ခဝဲသီးချိုချိုလေးကို ဟင်းရည်ချက်စားစား၊ ဆီပြန်ချက်စားစား အရသာရှိသော ဟင်းတစ်ခွက်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။
DOCA(မန္တလေး)