ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အိမ်နီးချင်းနိုင်ငံ ဖြစ် သော တရုတ်နိုင်ငံ၏ ပြန်လည်စတင်လာသော ဝယ်လိုအားကြောင့် တရုတ်သည် အမေရိကန်ပြည် ထောင်စုကို ကျော်တက်၍ ဗီယက်နမ်၏ အကြီးဆုံးသီဟိုဠ်စေ့တင်ပို့သည့် ဈေးကွက်ဖြစ်လာခဲ့ ကြောင်း သိရှိရသည်။
စာရင်းဇယားများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဗီယက်နမ်သည် သီဟိုဠ် စေ့တန်ချိန် ၉၆,၀၀၀ ကို အမေရိကန်ဒေါ်လာ ၆၀၈ သန်းဖြင့် တရုတ်သို့ တင်ပို့ခဲ့ရာ ယခင်နှစ် အလားတူကာလနှင့်ယှဉ်လျှင် တန်ချိန်အားဖြင့် ၂၉ ရာခိုင်နှုန်းနှင့် တန်ဖိုးအားဖြင့် ၄၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
အဆိုပါတိုးတက်မှုကြောင့် ဗီယက်နမ်၏ သီဟိုဠ်စေ့တင်ပို့ငွေ စုစုပေါင်းသည် ယခုနှစ် ၇ လ တာကာလအတွင်း အမေရိကန်ဒေါ်လာ ၂.၈ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ပို့ကုန်ပမာဏတွင် တန် ချိန် ၄၁၃,၀၀၀ဖြင့် ၂.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ၁၈ ရာခိုင်နှုန်းကျော် တိုးတက်ခဲ့သည်။
ထို့အတူ ဗီယက်နမ် စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၊ သွင်းကုန်ပို့ကုန်ဦးစီးဌာန၏ ထုတ် ပြန်ချက်အရ အမေရိကန်သို့ သီဟိုဠ်စေ့တင်ပို့မှုသည် အခွန်နှုန်းမြင့်မားလာမှုကြောင့် ဝယ်လိုအား ထိခိုက်ခဲ့ပြီး ပမာဏအားဖြင့် တန်ချိန် ၈၃,၀၀၀အထိ ၂၈ ရာခိုင်နှုန်းနီးပါး ကျဆင်းကာ တန်ဖိုးအား ဖြင့် ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅၆၁ သန်း ရရှိခဲ့သည်။ သို့ရာတွင် တရုတ်သို့ သီဟိုဠ်စေ့တင်ပို့မှုသည် စီးပွားရေးပြန်လည်တိုးတက်လာမှု၊ ကျန်းမာရေးနှင့်ညီညွတ်သောမု့န်များ စားသုံးလိုစိတ် မြင့်တက်လာမှုနှင့် ဗီယက်နမ်မှ ပို့ကုန်တင်ပို့သူများနှင့် ထုတ်လုပ်သူများသည် တရုတ်နိုင်ငံ၏ လိုအပ်ချက်များနှင့် ပိုမိုကိုက်ညီလာမှုတို့ကြောင့် မြင့်တက်လာခြင်းဖြစ်သည်။
ဗီယက်နမ်သီဟိုဠ်အသင်း (VINACAS) ၏ ဒုတိယဥက္ကဋ္ဌ Bách Khánh Nhựtက တရုတ်သို့ တင်ပို့မှုများသည် ယခင်လများအတွင်း ကုန်သည်များက တရုတ် ဆောင်းဦးလယ်လမုန့်ပွဲတော် မတိုင်မီ ဝယ်ယူမှု များပြားလာခြင်းကြောင့် မြင့်တက်လာခဲ့ကြောင်း၊ တရုတ်သည် ယခုနှစ်ကုန် အထိ ဗီယက်နမ်သီဟိုဠ်စေ့တင်ပို့မှုများအတွက် အဓိကဈေးကွက်အဖြစ် ဆက်လက် တည်ရှိနေ မည်ဖြစ်ပြီး ဝယ်လိုအား ပိုမိုမြင့်တက်လာဦးမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် ဗီယက်နမ်၏ သီဟိုဠ်စေ့ဝယ်ယူသည့် ထိပ်တန်းနိုင်ငံအဖြစ် ဆယ်စုနှစ်တစ်ခုကျော်ကြာ ရပ်တည်ခဲ့ပြီး တင်ပို့မှုများ၏ ၂၀ ရာခိုင်နှုန်းကျော်ကို မကြာခဏ ဝယ် ယူလေ့ရှိကြောင်း၊ ၂၀ ရာခိုင်နှုန်းသော တန်ပြန်အခွန်စည်းကြပ်မှုသည် တင်ပို့မှုများအပေါ် ဝန်ထုပ် ဝန်ပိုးဖြစ်နေစေပြီး အထူးသဖြင့် ယခင်နှစ်ကထက် ဗီယက်နမ်သီဟိုဠ်စေ့ စျေးနှုန်းများသည် ပိုမို မြင့်မားနေကြောင်း သိရှိရသည်။
ယင်းအချိန်တွင် အမေရိကန်ဈေးကွက်သည် ပြုပြင်ထားသော သီဟိုဠ်စေ့ထုတ်ကုန်များ အတွက် ပိုမိုအားကောင်းလာသည့် ဝယ်လိုအားကို ပြသနေပြီး VINACAS ၏ ထုတ်ပြန်ချက်အရ ၂၀၂၅ခုနှစ် ပထမနှစ်ဝက်အတွင်း အမေရိကန်ဒေါ်လာ ၂၁၄သန်းတန်ဖိုးရှိသော သီဟိုဠ်စေ့တန်ချိန် ၂၈,၀၀၀ ခန့်တင်သွင်းခဲ့ပြီး ပမာဏအားဖြင့် ၃၃ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ၅၃ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့သည်။
ယခုအခါ ဗီယက်နမ်သီဟိုဠ်စေ့များသည် နိုင်ငံနှင့်နယ်မြေပေါင်း ၉၀ ကျော်တွင် ရောက်ရှိနေပြီဖြစ်ပြီး သီဟိုဠ်စေ့စိုက်ဧက ဟက်တာ ၃၀၀,၀၀၀ ကျော်သည် ဗီယက်နမ်နိုင်ငံရှိ ပြည်နယ်နှင့် မြို့ပေါင်း ၂၀ ကျော်တွင် ဖြန့်ကျက်စိုက်ပျိုးထားပြီး အဆိုပါဒေသများအနက် အများစုမှာ ဟက်တာ ၁၅၀,၀၀၀ ဖြင့် Bình Phước ခရိုင်တွင် တည်ရှိကြောင်း သိရှိရသည်။
Source: Vietnam News, 4 September 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)