ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ထန်းလျက်ချက်၍ ထုတ်လုပ် ရောင်းချလျှက်ရှိသော လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ ထန်းလျက်ထုတ်လုပ်ပုံနှင့် ထွက်ရှိလာသော ထန်းလျက် များအား ရောင်းချသော ဈေးနှုန်းဈေးကွက် အခြေအနေနှင့် အကျိုးအမြတ်များအား တွေ့ဆုံ ဆွေးနွေးမေးမြန်းခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာန၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၉.၉.၂၀၂၂) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် ပေါက်ခေါင်းမြို့နယ် သပြေတောင်အုပ်စု၊ ကုန်းတန်းကျေးရွာရှိ ထန်းလျက်ချက်လုပ်ငန်းလုပ်ကိုင်သူ ဦးသန်းထွန်းနှင့်တွေ့ဆုံပြီး မေးမြန်းရာ ထိုလုပ်ငန်းရှင်မှ နှစ်စဉ် ထန်းလျက်လုပ်ငန်းစတင်လုပ်ကိုင်ချိန်မှာ ထန်းရည်များထွက်ပေါ်ချိန် ဆောင်းတွင်းကာလဖြစ်သော ဖေဖော်ဝါရီလတွင် လုပ်ကိုင်ပြီး၊ မိုးတွင်းကာကလဖြစ်သော ဇွန်လဆန်းကို ထန်းလျက် လုပ်ငန်းများ သိမ်းချိန်ဖြစ်ပါသည်။ ထန်းလျက်ချက်ရာတွင် လိုအပ်သောထန်းရည်မှာ ထန်းလျက် (၁)ပိဿာ အတွက် (၁၀)ဂါလံလိုအပ်သည်ဟု သိရှိရပါသည်။ တစ်ရက်လျှင် ထန်းရည် (၁၀၀)ဂါလံ ကျိုချက်နိုင်သဖြင့် ထန်းလျက် (၁၀)ပိဿာထွက်ရှိပါသည်။ ထန်းလျက်ကျိုချက်ရာတွင်လောင်စာအဖြစ် စပါးခွံ နှင့် ထင်း များဖြင့် ကျိုချက်ရပြီး လုပ်ငန်းအတွက် အလုပ်သမား(၂)ဦးဖြင့် ပြုလုပ်ရပါသည်။ ထန်းလျက်ရာသီ တစ်ရာသီအတွက် လိုအပ်သောကုန်ကျစရိတ်မှာ (၁၀)သိန်းနီးပါးခန့် ကုန်ကျသည်ဟု သိရှိရပါသည်။ ထန်းလျက်ဖိုမှထွက်ရှိလာသော ထန်းလျက်များကို ပေါက်ခေါင်းမြို့ပေါ်အပြင် အခြားနယ်မြို့များသို့ လည်း တင်ပို့ရောင်းချလျှက်ရှိပါသည်။ ပေါက်ခေါင်းမြို့နယ်မှ ထွက်ရှိသော ထန်းလျက်ကို တစ်ပိဿာ လျှင် ၃၀၀၀-၄၀၀၀ကျပ်ဖြင့် ရောင်းချသည်ဟု သိရပါသည်။
ပေါက်ခေါင်းမြို့နယ်တွင် ထန်းရည်ကို ဒီအတိုင်းမရောင်းချဘဲ ထန်းလျက်ချက်၍ တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ခြင်းကြောင့် စားသုံးသူများအနေဖြင့် ထန်းလျက်မှာ ကျန်းမာရေးအတွက် သင့်တော်သည့်အပြင် မြန်မာ့ရိုးရာ မုန့်ပဲသားရေစာများပြုလုပ်၍ စားသောက် ခြင်းဖြင့် ပြည်တွင်းဖြစ်ကိုဦးစားပေး၍ စားသုံးလာကြလျှင် ထန်းလျက်ချက်၍ရောင်းချသူများ အနေဖြင့် ကုသိုလ်လည်းရဝမ်းလည်းဝမည်ဖြစ်ကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။
DOCA(ပဲခူး)