
နိုင်ဂျီးရီးယားသည် အလှပြင်ခရင်မ်များစွာ ထုတ်လုပ်သည့် ရှီယားအခွံမာသီးများ တင်ပို့မှုအား ခြောက်လပိတ်ပင်ကြောင်း ကြေညာခဲ့သည်။ နိုင်ငံသည် ကမ္ဘာ့နှစ်စဉ် သီးနှံများ၏ ၄၀ ရာခိုင်နှုန်းနီးပါးကို ထုတ်လုပ်နေသော်လည်း ၎င်းသည် ဒေါ်လာ ၆.၅ ဘီလီယံ (ပေါင် ၄.၈ ဘီလျံ) ကမ္ဘာ့ဈေးကွက်၏ ၁ ရာခိုင်နှုန်းသာ ဖြစ်သည်ဟု ဒုတိယသမ္မတ Kashim Shettima က ပြောကြားခဲ့သည်။ အလှကုန်များတွင် အသုံးပြုသော ရှီးယားထောပတ် ထုတ်ယူရန်အတွက် အပင်များမှ ရိတ်သိမ်းထားသော အသီးများကိုကြိတ်ခွဲ၍ လှော်ကာပြုတ်ရကြောင်း သိရသည်။ ထောပတ်ကို ချောကလက်နှင့် ရေခဲမုန့်များ၊ သကြားလုံးများထုတ်လုပ်ရာတွင် လည်းအသုံးပြုပြီး အစားအသောက်လုပ်ငန်းတွင်သာမက ဆေးဝါးများတွင်လည်း အသုံးပြုပါသည်။ ရှီးယားသစ်ပင်များသည် အနောက်အာဖရိကမှ အရှေ့အာဖရိကအထိ တောရိုင်းများတွင် ပေါက်ရောက်ကြသည်။ ယာယီတားမြစ်ချက်ကြောင့် နိုင်ဂျီးရီးယားသည် အခွံမာသီး အစိမ်းတင်ပို့သူအဖြစ်မှ သန့်စင်ပြီး ရှီယားထုတ်ကုန်များကို ကမ္ဘာလုံးဆိုင်ရာ ပေးသွင်းသူ တစ်ဦးအဖြစ် ပြောင်းလဲလာနိုင်စေမည်ဟု Shettima မှ ပြောကြားခဲ့သည်။ ရေတိုရည်ရွယ်ချက်မှာ ရှီးယားသီးပင်များ၏ အသီးများမှ နိုင်ဂျီးရီးယား၏ ၀င်ငွေသည် နှစ်စဉ် ဒေါ်လာ ၆၅ သန်းမှ ဒေါ်လာ သန်း ၃၀၀ အထိ တိုးလာစေရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ နိုင်ဂျီးရီးယား စိုက်ပျိုးရေးဝန်ကြီး Abubakar Kyari က အနောက်အာဖရိကနိုင်ငံသည် တစ်နှစ်လျှင် သီးနှံတန်ချိန် ၃၅၀,၀၀၀ ထုတ်လုပ်ကြောင်းသိရသည်။ စိုက်ပျိုးရေးပညာရှင် ဒေါက်တာ အာမက်အစ္စမေးလ်၏ အဆိုအရ ရိတ်သိမ်းမှု အများစုသည် နိုင်ဂျီးရီးယားအလယ်ပိုင်းရှိ ကျေးရွာများမှ ဖြစ်သည်ဟုဆိုသည်။ သီးနှံစိုက်ပျိုးပြီး ဝမ်းစာအတွက် အားကိုးရသော ဆင်းရဲသားမိသားစုများသည် စည်းမျဥ်းစည်းကမ်းများနှင့် နည်းပညာများတိုးတက်မှုမရှိသောကြောင့် နိုင်ငံတကာတွင် တန်ဖိုးကြီးမှားသော်လည်း ၎င်းအဖိုးအခ၏ အနည်းငယ်မျှသာ ရရှိကြသည်ဟု Federal University of Minna မှ ပညာရှင်က ဘီဘီစီသို့ ပြောကြားခဲ့သည်။ ရှီးယားစေ့များ၏ တန်ဖိုးအမှန်ကို မသိနားမလည်သော လယ်သမားများသည် ဈေးပေါပေါဖြင့် ဝယ်ယူလေ့ရှိသည့် စီးပွားရေးသမားများ၏ မကြာခဏ ခေါင်းပုံဖြတ်ခြင်းကိုခံရကြောင်း ၎င်းက ရှင်းပြခဲ့သည်။ ယာယီပိတ်ပင်မှုသည် ကြာမြင့်စွာကတည်းက လုပ်ဆောင်သင့်သည့် ခြေလှမ်းဖြစ်ပြီး ပိုမိုကောင်းမွန်သောစည်းမျဉ်းများဖြင့် လက်တွဲလုပ်ဆောင်သင့်သည်ဟု ဒေါက်တာ အစ္စမေးလ်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Source : Bbc
DOCA (ရန်ကုန်)