Main menu

ယခုနှစ်၌ ကမ္ဘာ့ဆန်ဈေးနှုန်း ၇.၉ ရာခိုင်နှုန်း ကျဆင်းမည်ဟု BMI သုတေသနအဖွဲ့ ပြောကြား

Powered by Drupal

     ကမ္ဘာ့ဆန်ဈေးကွက်၌ အထူးသဖြင့် အိန္ဒိယမှ ရောင်းလိုအားပိုလျှံမှု မြင့်မားနေခြင်းအရ ဆန် ဈေးနှုန်းများသည် ယခုနှစ်တွင် ၇.၉ ရာခိုင်နှုန်း ကျဆင်းမည်ဟု ဈေးကွက်သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်သော Fitch Solutions ၏ လက်အောက်ရှိ BMI အဖွဲ့က ပြောဆိုခဲ့သည်။

     ၂၀၂၅ ခုနှစ်အတွက် ချီကာဂိုကုန်စည်ဈေးကွက် (Chicago Board of Trade) စာရင်းဝင် ဆန်ကြမ်းကြိုပွိုင့်ရောင်းဈေးကို ယခင်က ၁ ဟန္ဒြိတ်လျှင် ၁၃.၉ ဒေါ်လာနှုန်း ခန့်မှန်းထားရာမှ ယခု ၁၂.၈ ဒေါ်လာနှုန်းသို့ လျှော့ချခဲ့ကြောင်း၊ ယခုနှစ်၌ ဆန်ဈေးနှုန်းများသည် သိသာထင်ရှားသော ဖိအားများအောက်၌ ရောက်ရှိနေပြီး ဆန်စပါးထုတ်လုပ်မှုမှာ များစွာပိုလျှံမှုရှိမည်ဟု ခန့်မှန်းရ ကြောင်း BMI အဖွဲ့က ၎င်း၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

     ယခင်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာ ၉ ရက်နေ့တွင် ဆန်ဈေးနှုန်းများသည် ၂၀.၉ ရာခိုင်နှုန်းကျဆင်းလျက် ၁ ဟန္ဒြိတ်လျှင် ၁၁.၆ ဒေါ်လာနှုန်းသို့ ရောက်ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ နောက်ပိုင်း အနိမ့်ဆုံးဖြစ်ခဲ့သည်။ ယခုနှစ် အစပိုင်းကာလ ဈေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၇.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။

     အိန္ဒိယနိုင်ငံက ဆန်တင်ပို့မှု တားမြစ်ကန့်သတ်ထားသဖြင့် ၂၀၂၄ ခုနှစ် ပထမနှစ်ဝက် ကာလအထိ ဆန်ဈေးနှုန်းများ မြင့်မားမှုရှိခဲ့သော်လည်း မကြာသေးမီလများအတွင်း ဆန်ဈေးကွက် သည် တစိုက်မတ်မတ် အရောင်းအဝယ်ကျဆင်းလာကြောင်း၊ ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူဖြစ် သော အိန္ဒိယ၏ ဆန်ထွက်ရှိမှုသည် ၂၀၂၃-၂၄ သီးနှံရာသီနှစ်၌ တန်ချိန် ၁၃၈ သန်းခန့်ရှိရာမှ ၂၀၂၄-၂၅ ရာသီနှစ်တွင် ၈.၈ ရာခိုင်နှုန်းတိုးတက်လျက် တန်ချိန် သန်း ၁၅၀ ရှိမည်ဟု ခန့်မှန်းရကြောင်း၊ ၂၀၂၅-၂၆ ခုနှစ်၌ ၀.၅ ရာခိုင်နှုန်းမျှ တိုးတက်လျက် တန်ချိန် ၁၅၁ သန်းခန့်ရှိနိုင်ပြီး ဈေးကွက် အတွင်း ရောင်းလိုအားပိုလျှံမှု ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း၊ ဤအခြေအနေက ဆန်ဈေးနှုန်းများ သည် ယခုနှစ် နှစ်ကုန်ပိုင်းတိုင်အောင် ကျဆင်းလျက် ၂၀၂၆ ခုနှစ် ကာလတစ်လျှောက်တွင်လည်း အလားတူ အခြေအနေ ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရကြောင်း BMI အဖွဲ့က ပြောဆိုထားသည်။

    ၂၀၂၅ ခုနှစ်တွင် မုတ်သုံရာသီအားကောင်းမှုအရ အိန္ဒိယ၏ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုမှာ တိုးတက်ကောင်းမွန်မည့်အလားအလာရှိပြီး နိုဝင်ဘာလမှစတင်၍ ရိတ်သိမ်းထွက်ရှိမည်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံး အတိုင်းအတာအားဖြင့် ဆန်ထုတ်လုပ်မှုမှာ ၀.၄ ရာခိုင်နှုန်းခန့် တိုးတက်နိုင်ပြီး တစ်ချိန်တည်း၌ စားသုံးမှုသည် ၁.၈ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း သိရှိရသည်။

    ကမ္ဘာ့ဆန်ထုတ်လုပ်မှုသည် တန်ချိန် ၅၄၂ သန်းသို့ တိုးတက်မည်ဟု ခန့်မှန်းရပြီး စားသုံးမှု စုစုပေါင်းသည် တန်ချိန် ၅၃၉.၄ သန်းခန့် ရှိနိုင်ကြောင်း၊ သို့ဖြစ်၍ ဆန်ပိုလျှံမှုသည် တန်ချိန် ၁၀.၂ သန်းမှ တန်ချိန် ၂.၆ သန်းသို့ ကျဆင်းမည်ဖြစ်ကြောင်း၊ လူဦးရေတိုးပွားလာမှု၊ မြို့ပြလူနေမှု တိုးတက်လာမှုနှင့် မကြာသေးမီက ဆန်ဈေးနှုန်းများကျဆင်းလာမှုတို့အရ ဆန်စားသုံးမှုသည် ထုတ်လုပ်မှုထက် ပိုမိုလာမည်ဟု မျှော်မှန်းထားကြောင်း BMI အဖွဲ့၏ အစီရင်ခံ၌ ဖော်ပြထားသည်။

    သို့ရာတွင် ကာလတို၌ အဓိကဘေးအန္တရာယ်ရှိနိုင်မှုမှာ အားကောင်းသော အိန္ဒိယ မုတ်သုံ ရာသီအခြေအနေသည် စပါးစိုက်ပျိုးမှုကို ထိခိုက်နိုင်ခြင်းပင်ဖြစ်ကြောင်း၊ အိန္ဒိယသည် ကမ္ဘာ့ဆန် ထုတ်လုပ်မှုတွင် ၂၅ ရာခိုင်နှုန်းနှင့် တင်ပို့မှု၌ ၃၅ ရာခိုင်နှုန်းခန့်အထိ ပါဝင်မှုရှိကြောင်း၊ အိန္ဒိယ၏ မိုးစပါး စိုက်ပျိုးမှုအတွက် ပျမ်းမျှ မိုးရေချိန်ကို ပြည့်မီအောင်ရရှိမည်ဟု မျှော်မှန်းထားချိန်၌ အချို့ သော နယ်မြေဒေသများတွင် အလွန်အကျွံ မိုးရွာသွန်းမှုများက ရိတ်သိမ်းထွက်ရှိမှုအပေါ် ဖိအားရှိ နိုင်ကြောင်း၊ ဈေးကွက်အတွက် အန္တရာယ်ရှိနိုင်သည့် အခြားအချက်တစ်ရပ်မှာ ပြည်တွင်းထုတ် လုပ်မှု ကျဆင်းချိန်၌သာမက ဈေးနှုန်းများမြင့်မားချိန်နှင့် ရွေးကောက်ပွဲများ ကျင်းပချိန်တို့တွင် အိန္ဒိယအစိုးရ၏ ပို့ကုန်ကန့်သတ်သည့်မူဝါဒ ချမှတ်ကျင့်သုံးခြင်းပင်ဖြစ်ကြောင်း အဆိုပါ သုတေ သနအဖွဲ့က ပြောကြားခဲ့သည်။

     BMI အဖွဲ့၏အဆိုအရ ကမ္ဘာ့အဓိကဆန်ထုတ်လုပ်ရာဒေသများတွင် ရာသီဥတု အခြေအနေ ကောင်းမွန်မှု မရှိခြင်းသည် စွန့်စားရမည့် ဘေးအန္တရာယ်တစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေ ကြောင်း၊ ဝယ်လိုအားအပိုင်းတွင် အာရှ‌ဒေသ၌ ဝင်ငွေဆက်လက်တိုးတက်မှုသည် စားသောက် ကုန်မျိုးစုံ ဖြန့်ခွဲစားသုံးမှုကို တိုးမြင့်လာစေပြီး ကာလတိုတွင် လူတစ်ဦးကျ ဆန်စားသုံးမှုနှုန်းထား အပေါ် ဖိအားပေးလျက်ရှိကြောင်း၊ ကာလရှည်တွင်မူ ကမ္ဘာ့ဆန်ဈေးကွက်သည် ၂၀၂၈-၂၀၂၉ ခုနှစ် တိုင်အောင် ဆက်လက်၍ ဆန်ပိုလျှံမှုဖြစ်ပေါ်နေဦးမည်ဟု မျှော်မှန်းနိုင်ကြောင်း သိရှိရသည်။

Source: Philippine Daily Inquirer, 16 Sept 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)